တပ်စုမှူးတိုက်မောင်း(သို့)ဒေါနမင်းသား

Author မင်းဘုဏ်းလူ (၅၀၅)
Categories
Published on Sep 11, 2022

သူနဲ့ကျနော်က ပညာ‌ရေးဌာနတစ်ခုထဲမှာအလုပ်အတူလုပ်ခဲ့ကြတာပါ။ သူကရုံး ကျနော်ကကျောင်း တည်ရာမတူပေမဲ့ ချစ်ခင်စွာ ငယ်ပေါင်းကြီးဖော်လို ဆရာတပည့်လို ညီအကိုလို ပေါင်းသင်းဖြစ်ခဲ့ကြပါတယ်။ သူကပျော်ပျော်နေတတ်ပြီး စာတိုပေစလေးများ စုဆောင်းဖတ်ရှုရေးသားနိုင်တဲ့ သူမျိုးပါ။ သူရှိတဲ့ရပ်ဝန်းက အမြဲပျော်စရာကောင်းနေတတ်ပါတယ်။

အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ရယ်စရာတွေအမြဲပြောနေတတ်သူပါ။ ဘယ်လောက်စိတ်ညစ်စရာတွေရှိရှိ ဟာသတွေဖန်တီးနိုင်သူပါ။ သူနဲ့ကျနော် ပိုပြီးခင်ရတဲ့အကြောင်းကတော့ အရက်ကြိုက်တာတူတာပါ။ မြို့မှာရှိသမျှ အရက်ဆိုင် သူနဲ့ကျနော်မရောက်ဘူး မသောက်ဘူးတဲ့ဆိုင်မရှိ။ လမ်းကြိုလမ်းကြားက ခွက်ပုန်းဆိုင်သေးသေးလေးမှသည် စင်တင်ဆိုင်ကြီးမျိုးအထိ ရောက်ဘူးသည် သောက်ဘူးသည်။

နောက်သူရှိရာ‌ နေရာသို့ ကျနော်ပြောင်းရတော့ နေ့စဉ်အတူ သောက်ဖြစ်တော့သည်။ အများဆုံးထိုင်ဖြစ်တဲ့ဆိုင်က(၃) ဆိုင်။အသောက်များဆုံးက မန်ကျည်း ၊ငွေမရှိလည်း ကြွေးမှတ်သောက်သည် ။ကျနော်ဆို အရက်ဆိုင်မှာ ထမင်းပါတောင်းစားတတ်သည်။ အရက်‌သောက်တိုင်း သူ‌ပြောနေကြစကားတစ်ခွန်းရှိသည် “ငဘုန်းမင်းအမြည်းကို ထမင်းလိုမစားနဲ့ ၊”။ကျနော်ကအရက်သောက်ရင် အမြည်းများများစားတတ်၍ ဖြစ်သည်။

ကျနော်တို့နှစ်ယောက်မှာ စည်းကမ်းတစ်ခုတော့ရှိသည်။ယူနီဖေါင်းနှင့် အရက်ဆိုင်မထိုင်ရ။ သူကတော့ အမြဲစွပ်ကျယ်ဝတ်တတ်သဖြင့် ကိစ္စမရှိ၊ကျ‌နော်က အမြဲလို အင်္ကျီချွတ်ရ‌လေ့ ရှိသည်။ ကျနော်တို့ အရက်သောက်သည် ကဗျာရွတ်သည် ။သူက ဝတ္ထုတိုလေးများ၊ သရော်စာများ ရေးလေ့ရှိသည်။ သူ့စာများကို ကျနော်ဖတ်ပြီး ဝေဖန်လေကန်လုပ်သည် တခါတခါ သူ့စာများ ကျနော့်ကဗျာများနှင့် ငြင်းခုန်ရင်း စကားများရင်း လမ်းခွဲကြသည်။ နောက်နေ့ အရက်ဆိုင်သွားချိန်ဆို အတူတူပင်။

ကျနော်နှင့်သူ အကြိုက်မတူတာတွေလည်း ရှိသည်။ကျနော်က နိုင်ငံရေးခံယူချက် အတိအကျမရှိ ၊မူကိုမကြည့် လူကိုပဲကြည့်တတ်သူ၊ သူက မူကိုပဲကြည့်သူ၊ နိုင်ငံရေးခံယူချက်ရှိသူ ၊ကွန်မြူနစ်ကျောရိုးတစ်ယောက်ရဲ့ မျိုးဆက်ဖြစ်ပြီး ငယ်စဉ်ထဲက လီနင်ဝါဒ ၊မက်စ်ဝါဒ၊ ဆိုရှယ်လစ်သဘောတရား ၊နိုင်ငံရေးစာပေများနှင့် နီးစပ်ကြီးပြင်းခဲ့ရသူ ဖြစ်လေသည်။ သူ့ရဲ့ နိုင်ငံရေးတရားများနာရသည်။ အရက်သောက်တဲ့အချိန်ဆို ဟာသတွေပြောတတ်ပြီး ပုံမှန်အချိန်ဆိုသူ၏ နိုင်ငံရေး အတွေးအခေါ်များကို ပြောတတ်လေ့ရှိသည်။

မအဖို့ သမိုင်းကို သေချာလေ့လာဖို့လိုကြောင်း သူပြောတာ ကျနော်မှတ်သားဘူးသည် ။သူနဲ့ကျနော် အနီအစိမ်းအကြောင်း ငြင်းကြခုန်ကြ စကားများခဲ့ကြဘူးသည်။ သူ့ခံယူချက်ကတော့ မယိမ်းမယိုင်ပဲ တည်တည်ငြိမ်ငြိမ် ခိုင်မာလျက်သာ။ ထို့နောက် နှစ်ယောက်သား တက်ညီလက်ညီ မဲဆွယ်ပွဲအတွက် ပါတီတိုင်းက ဝေသော အင်္ကျီ ဦးထုပ်များလိုက်တောင်းပြီး ချို့တဲ့နွမ်းပါးသူတွေကိုပြန်ဝေသည်။ မှတ်မှတ်ရရ ငါကNLDအင်္ကျီမှ မဟုတ်ရင် မဝတ်ဘူးဆို‌သူမျိုးနှင့် ကြုံခဲ့ရသည်။ ထိုသူက ခုကာလမှာ အပြုံးမပျက်ရုံးတက်နေတာ တွေရတော့ အော် နီတိုင်းလည်းမရဲပါလားဟုသာ အံ့ဩမိသည်။

၂၀၁၈ ဩဂုတ်လထဲတွင် နေ့စားလပေးပညာရေးဝန်ထမ်းများ အမြဲတမ်း ဝန်ထမ်းခန့်ထားရေး လှုပ်ရှားမှုဖြစ်သည့် “လုပ်ငန်းခွင်မပြတ် ဖဲကြိုးနက်”လှုပ်ရှားမှုကို သူ့ဦးဆောင်မှုအောက်မှလုပ်ခဲ့ကြသည်။ ၂၀၁၈ထဲမှာပဲ အမျိုးသားနေ့ပွဲ ကို မြို့နယ်ရှိတဲ့ခန်းမကြီးမှာရအောင် လုပ်ခဲ့ကြသည်။ခွင့်ပြုမိန့်အတွက် သူနှင့်ကနော် မယကရုံးနှင့်ရဲစခန်း အခေါက်ခေါက်အခါခါသွားခဲ့ကြရသည်။

၂၀၂၁ အာဏာသိမ်းမှု စတင်ချိန်မှာတော့ ရဲဘော် မင်းမတရားမှု ကို ခေါင်းငုံ့ခံမှာလားဟူသော စာတိုလေး မက်ဆင်ဂျာမှာ ဝင်လာခဲ့သည်။ ထို့နောက် သူနဲ့ကျနော် သပိတ်ခေါင်းဆောင်များအဖြစ် လမ်းမတွေပေါ် ရောက်ခဲ့ကြသည်။ ရဲရဲတောက် သပိတ်တရားဟောသူများအဖြစ် စင်တွေပေါ်တက်ခဲ့ကြသည်။

သူ၏စကားများထဲမှ မှတ်မှတ်ရရရှိနေဆဲ တစ်ခုရှိသည်။”ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို မတရားဖမ်းဆီး အာဏာလုယူတာသည် သူခိုးဓါးပြသာဖြစ်တယ်၊ အာ့လိုလူတွေကို ထောက်ခံတဲ့သူတွေကလည်း သူခိုးဓါးပြအားပေးတွေသာဖြစ်တယ်”တဲ့ ။ ခုလည်း သူခိုးဓါးပြတွေက ရွာလူကြီးဖြစ်ချင်နေတုန်းပဲ ကိုကြီးရေ။

သူနဲ့ကျနော်ပါ(၅)ဦး ၂၀၂၁ဖေဖေါ်ဝါရီ၁၈မှာ ၅၀၅(က)အပါ ပုဒ်မသုံးခုနဲ့ ဝရမ်းအထုတ်ခံရသည်။ နောက် ဆရာကြီးတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ရန်ကုန်ကိုရောက်ပြီး ပညာရေးသပိတ်စစ်ကြောင်းတွေမှာ ဆက်လက်လှုပ်ရှားနေခဲ့သည်။ သူရန်ကုန်မှာ တစ်ပါတ်လောက်ကြာတဲ့အခါ သူမြို့မှာပြန်လှုပ်ရှားမဲ့အကြောင်း ကျနော့်ကိုတော့ ရန်ကုန်မှာဆက်ရှိနေစေချင်ကြောင်း အစစဂရုစိုက်ဖို့မှာရင်း သူမြို့ကိုပြန်သွားထဲက သူနဲ့ကျနော် တစ်နေရာစီရောက်ပြီး ခုထိပြန်မတွေ့ဖြစ်ကြတော့ပါဘူး။

၂၀၂၁မတ်လထဲမှာ ကျနော်က လွတ်မြောက်နယ်မြေတစ်ခုမှာ သင်တန်းတက်ရင်း သူနဲ့အဆက်အသွယ်ပြတ်ခဲ့ရသည်။ ၂၀၂၂မေလမှာ အင်တာနက်သုံးဖြစ်ရင်း YouTube က ထောက်ပို့ချန်နယ် ကိုနားထောင်ဖြစ်တဲ့အချိန် သူ့အသံကိုပြန်ကြားခဲ့ရသည်။ ရဲဘော်ကြီး တပ်စုမှူးတိုက်မောင်းရဲ့ တော်လှန်ရေးကာလအလွဲများ အပိုင်းတွေ မလွတ်တမ်းနားထောင်းရင်း သူ့ကိုအလွမ်းဖြေရပါတယ်။

ကျနော့်ရဲ့ ဇာတ်လိုက်ကြီးကတော့ ဒီစာအစမှာ ပြောထားခဲ့သလိုပါပဲ လက်နက်ကိုင် တော်လှန်ရေးလုပ်ချိန်မှာတောင် သူ့ရဲ့ဝါသနာနဲ့ တော်လှန်ရေးကို အချိုးညီညီပေါင်းစပ်ပြီး ဟာသတွေဖန်တီးနေနှိုင်သူပါ။

ကဲ ကျနော့်အကိုကြီး တောင်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်ကြီး တပ်စုမှူး တိုက်မောင်းရဲ့ အသံလွှင့်ဇာတ်လမ်းများကို ယူကျု့ရဲ့ထောက်ပို့ချန်နယ်မှာ အားပေးလိုက်ကြပါအုံးဗျ။ ကိုကြီးတိုက်မောင်းရေ ကျန်းမာရေးဂရုစိုက်ဗျာ၊ အားလုံးပြီးရင် အစကနေပြန်မိုက်ကြရအောင်။ အရင်လို မြို့တစ်ပါတ် အရက်ဆိုင်အနှံ့လိုက်သောက်ကြမယ်။ ချစ်စွာသောညီငယ် မင်းဘုဏ်းလူ(၅၀၅)။