တပ်စခန်း ၃၀ နှင့် သံချပ်ကာ ၂ စီး ပြုတ်သည့် တစ်ရက်သား ၁၀၂၇ စစ်ဆင်ရေး

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်၊ ရက္ခိုင်တပ်တော်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပါဝင်သည့် ညီနောင်မဟာမိတ် အင်အားစုမှ ပြီးခဲ့သည် အောက်တိုဘာလ ၂၇ နှင့် ၂၈ ရက်အတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အာဏာသိမ်း စစ်တပ်၏ အခိုင်အမာ ခြေကုပ်တပ်စခန်းပေါင်း (၃၀) ကျော်အား သိမ်းပိုက်နိုင်ခဲ့ကာ ချင်းရွှေဟော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ခဲ့ကြောင်း The Kokang စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။
၎င်းတို့ ဖော်ပြချက်အရ MNDAA၊ AA နှင့် TNLA တို့ ပါဝင်သည့် ညီနောင်သုံးဖော် အပါအဝင် အခြားမဟာမိတ်အင်အားစုများမှ တစ်ရက်တာကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ အင်အားစုများ ခြေကုပ်ယူထားသည့် နယ်မြေတပ်စခန်းပေါင်း ၃၀ ကျော်အား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့၊ နံနက်ပိုင်းမှစ၍ မဟာမိတ်အင်အားစုများမှ ရှမ်းပြည်နယ်အတွင်းတွင် ရှိသည့် စစ်တပ် စခန်းများအား စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တစ်ရက်တာအတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး ၃၀ ကျော်၊ ရန်သူ ရာကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၀ ယောက်အား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
ကိုးကန့်နယ် ချင်းရွှေဟော် အပါအဝင် ရှမ်းမြောက်ပိုင်းတကြောလုံးနီးပါးရှိ စစ်ကောင်စီ တပ်စခန်းကုန်းများအား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စခန်းများအတွင်း၌ ကွတ်ခိုင်ခရိုင်၊ မူပန်ခရိုင်၊ မုံးကိုးဒေသ၊ ကြာမိန်ခုတ်၊ နမ်ဖာရှမ်း၊ ကန့်ဝမ်ထန်ရွာ၊ ခုမာရွာ၊ ကြာကြည်ရှူဒေသနှင့် လားရှိုးမြို့အနီးပတ်ဝန်းကျင်တို့ ပါဝင်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုမှစတင်ကာ ရက် ၁၀၀၀ ပြည့်သည့်နေ့တွင် မဟာမိတ်အင်အားစုများနှင့် ပူးတွဲတော်လှန်ရေး အင်အားစုတို့၏ ရုတ်ချည်းထိုးစစ်ဆင် အရှိန်အဟုန်မြင့် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့ လက်ပါးစေ ရုပ်သေးပြည်သူ့စစ် အဖွဲ့များမှနေပြီး သူတို့၏ အခရာကျသည့် တပ်စခန်းများအား တပြိုင်တည်းဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ညီနောင်သုံးဖော် မဟာမိတ်အင်အားစုများအနေဖြင့် လက်ရှိအချိန်ထိ တပ်စခန်းကုန်း ၃၀ ကျော်အား ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အင်အားရာချီသေဆုံးကာ၊ စစ်သုံ့ပန်း ၁၀ ယောက်ခန့် အရှင်ဖမ်းဆီးခံထားရသည်။ ထို့အပြင် လက်နက်ခဲယမ်း ပမာဏ အတော်များများ သိမ်းဆည်းရမိထားပြီး သံချပ်ကာ ကားနှစ်စီးမှာလဲ တိုက်ခိုက်ဖျက်ဆီးခံထားခြင်း ရှိကြောင်း ဖော်ပြထားသည်။
၎င်းဖော်ပြပါ မြေပြင်ထိတွေ့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ လားရှိုးစစ်လေယာဉ်ကွင်း အုပ်ချုပ်ရေးပိုင်း ထိခိုက်ပျက်စီးသွားပြီး ဆက်လက် အသုံးမပြုနိုင်သည့် အခြေအနေတွင် ရှိနေကြောင်းနှင့် စစ်တပ်ဘက်မှ ရဟတ်ယာဉ် ၂ စင်းနှင့် တိုက်လေယာဉ် ၂ စင်းအား ကိုးကန့်ဒေသဘက် စေလွှတ်ထားကြောင်း The Kokang တွင် ဖြည့်စွက်ဖော်ပြထားသည်။ ၎င်းတိုက်ပွဲများကြောင့် ချင်းရွှေဟော်ရှိ ဒေသခံပြည်သူအမြောက်အမြား ထွက်ပြေးတိမ်းရှောင်နေရပြီး ခန့်မှန်းချေ အရပ်သား ပြည်သူ ၁၀၀၀ ကျော် ပါဝင်ကာ ဗဗာလူမျိုး ၆၀၀ ခန့် ရှိကြောင်း သိရသည်။