တန်ဆောင်မုန်း လပြည့်နေ့တွင် ပံ့သကူ အလုအယက်ကောက်ခြင်းကြောင့် ရန်ဖြစ်ခြင်း၊ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပွားခဲ့

Author လင်းခိုင်
Categories
Published on Nov 08, 2022

 

တန်ဆောင်မုန်း လပြည့်နေ့( နို၀င်ဘာ ၇) ရက် ညပိုင်းတွင် ပံ့သကူ ပိုက်ဆံ အလှူငွေများကို အလုအယက်ကောက်ယူခြင်းများကြောင့် ရန်ကုန်တွင် ရန်ဖြစ်ခြင်း၊ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များသည် မကွေးတိုင်းတွင် တန်ဆောင်တိုင်ည၌ ပံ့သကူအဖြစ် မုန်ဖိုးလာတောင်းရာတွင် အိမ်ရှင်နှင့် မုန်ဖိုးတောင်းသူတို့ ရန်ဖြစ်ပြီး အပြန်အလှန်ခဲဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ကာ မုန့်ဖိုးတောင်းသူ ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် နို၀င်ဘာ ၇ ရက် ည ၁၀ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ အောင်မေတ္တာလမ်းပေါ်တွင် ပံ့သကူ ကောက်ရင်း ချော်လဲပြီး အမျိုးသားတစ်ဦးခေါင်းကွဲခဲ့သည့်အပြင်၊ မင်းဓမ္မလမ်းပေါ်ရှိ KBZ ဘဏ်နားတွင် အမျိုးသမီးတစ်ဦး ပံ့သကူငွေ အလုအယက်ကောက်မှုကြောင့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၊ မြင်းလှည်းဂိတ်အနီး တွင်လည်း နို၀င်ဘာ ၇ ရက် ည ဆယ့်တစ်နာရီခန့်က ကားလမ်းမပေါ်သို့ ပံ့သကူငွေ ပြေးကောက်ရာ ကားဖြင့်ညိပြီး လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးသည် ခြေထောက်ထိခိုက်ကာ လေးချက် ချုပ်ခဲ့ရကြောင်း ရွှေလက် လူမူကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

“ ညက ပြန်လာတော့ ရွှေပြည်သာမှာ လူတွေ အလုအယက်နဲ့ကို ကားတွေကိုတားပြီး အတင်းပိုက်ဆံ လိုက်တောင်းနေကြတယ်။ မြင်ရတွေ့ရသာ အဆင်မပြေဘူး။ ကျွန်တော်ဆို Taxi မောင်းတာ။ ကားရှေ့ကနေ အတင်းပြေး အတင်းလုတွေလုပ်တာ၊ ကံကောင်းလို့မတိုက်မိတာ” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ အသက် ၆၀ အရွယ် Taxi ယာဉ်မောင်းတစ်ဦးက ပြောသည်။

ပံ့သကူ ကောက်ယူရာတွင် ကားလမ်းများကို ပိတ်ပြီး ငွေးတောင်ခံသူများရှိသည့်တွက် ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိခဲ့သည်။

ပံ့သကူပစ်ခြင်းသည် မိမိလှူဒါန်းလိုသော ပိုက်ဆံ၊ အ၀တ်အစား၊ အသုံးအဆောင်စသည်တို့ကို လူမသိအောင် နေရာတစ်ခု၌ ထားရှိးခြင်းမျိုးဖြစ်သော်လည်း၊ ပြည်သူများသည် စား၀တ်နေရေးခက်ခဲလာသည့်အတွက် အပျောက်ကောက်သူထက် စား၀တ်နေရေးအတွက် ပံ့သကူကောက်သူများပင် များပြားလာခြင်းဖြစ်သည်။

တန်ဆောင်မုန်း လပြည့်နေ့သည် ကထိန်ပွဲကျင်းပခြင်း၊ မီးထွန်းပွဲပြုလုပ်ခြင်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း၊ ပံ့သကူ အလှူပြုခြင်းများကို ပြုလုပ်လေ့ရှိသည်။

ပုံစာညွှန်း- ရန်ကုန်မြို့တွင် ပံ့သကူလိုက်လုကြသူများအား မြင်ရပုံ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

Related News

Depend on news