တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်မှ ပြည်သူ ၁၁ဦးကို လူမဆန်သော နည်းလမ်းများ အသုံးပြုကာ ရက်စက်စွာ သတ်ဖြတ်သွား

Author မင်းထက်
Categories
Published on Mar 04, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ၊ ကံထူးမရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦးကို လူမဆန်သည့် နည်းလမ်းများ အသုံးပြုကာ ရက်စက်စွာ သတ်ဖြတ်သွားကြောင်း တန့်ဆည်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

 

“ဘီလူးစစ်ကြောင်းက သက်ဖြတ်သွားတာ။ စုစုပေါင်း ၁၁ ယောက်သတ်ခံရတာ၊ သတ်တဲ့ရက်တွေက မတူဘူး ဖမ်းပြီး ဖြေးဖြေးချင်းသတ်တာ။ လူသေလောင်းတွေကို အရုပ်တွေနဲ့ ကစားသလို ကစားနေကြတာ မိုက်ရိုင်းလိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၄င်းစစ်ကြောင်းသည် ဖေဖော်ဝါရီ၊၂၁ ရက်နေ့ တန့်ဆည်နယ်အနောက်ခြမ်းရှိ ကံထူးမစံပြရွာမှ ရဲစခန်းအား တော်လှန်ရေးတပ်စိပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဥ်အပြီး ရေဦးနယ်မှ ဝင်ရောက်လာသော ခမရ ၇၀၈၊ အမှတ် ၁၁ တပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းထားသည့် အင်အား ၂၀၀ကျော်ပါ စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

 

စစ်ကြောင်းမှာ  ဘီလူးစစ်ကြောင်းနှင့်  ကန့်ဘလူနယ်မှ ဝင်ရောက်လာသည့် ဦးဝါသဝ ပျူစစ်ကြောင်းတို့ ပူးပေါင်းပြီး  တန့်ဆည်နယ်အနောက်ခြမ်း ကံထူးမရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊  အရပ်သားပြည်သူများကို ဖမ်းဆီး လူသားဒိုင်းပြုလုပ်ခြင်း ၊ PDF ခေါင်းစဥ်တပ် အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခြင်းများ ကျုးလွန်ခဲ့ကြောင်း ရေဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ People Defence Comrade က ဖော်ပြထားသည်။

 

သတ်ဖြတ်ခံရသော ဒေသခံပြည်သူ ၁၁ ဦးထဲက အချို့ သေဆုံးအလောင်းများတွင် ရက်စက်စွာ ခုတ်ထစ်သတ်ဖြတ်မှုကို ခံခဲ့ရ ကြောင်း ဒေသခံ၏ ​ပြောကြားချက်နှင့် သက်သေခံ ဓာတ်ပုံတွေအရ သိရသည်။

 

အဆိုပါ စစ်ကောင်စီတပ်များသည် ဖေဖော်ဝါ ရီလ (၁၉) ရက်နေ့က ဆူးပါကုန်းကျေးရွာမှ အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလာပြီးနောက် သတ်ဖြတ်ခဲ့ကာ ဝရငယ်ကျေးရွာမှ အသက် (၇၀) အရွယ် အမျိုးသား တစ်ဦးကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ထပ်မံသတ်ဖြတ်ခဲ့ကြောင်း ၊  ခနောရွာသစ်ကျေးရွာမှ အသက်(၅၀)ကျော်အရွယ် ရပ်ကျေး ပကဖတာဝန်ခံနှင့် ရပ်ကျေး ပအဖ တာဝန်ခံ နှစ်ဦးကို လည်း ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ထပ်မံ၍ ဖေဖော်ဝါရီ (၂၇ ) ရက်နေ့တွင် အင်ပင်အိုင်ကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဇီးပေါက်ရွာမှ အသက်(၅၀)ခန့်အရွယ် အမျိုးသားနှစ်ဦး၊ ပန်းထိမ်ကုန်းရွာမှ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို လည်း ခုတ်ထစ်သတ်ဖြတ်သွားသည်ဟု သိရသည်။

 

ထို့နောက် မတ်လ ( ၁ ) ရက်နေ့တွင် ရွာသစ်ကျေးရွာမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကံထူးမရွာရဲစခန်းအတွင်း ချုပ်နှောင်ထားသည့် အသက်(၃၀)အရွယ်နှင့် အသက်(၄၀)အရွယ် အချုပ်သား အမျိုးသားနှစ်ဦးကိုလည်း ခုတ်ထစ်သတ်ဖြတ်သွားသည်ဟု သိရသည်။

 

ကံထူးမရွာ ရဲစခန်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေး မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၁၁) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

 

မင်းထက်

 

ဓာတ်ပုံ – People Defence Comrade

 

ဤသတင်းပါ သတင်းဓာတ်ပုံများသည် အများသူပြည်သူများ ကြည့်ရှုရန် မသင့်တော်ပါ။ လွန်စွာ စိတ်နှလုံး မချမ်းမြေ့ဖွယ် ပုံများဖြစ်ပါသည်။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုများ ရှာဖွေရာတွင် သက်သေမှတ်တမ်းများအဖြစ် ကျန်ရှိရန် သတင်းဓာတ်ပုံများအား CJ Platform ၏ Website နှင့် Telegram များတွင်သာ ဖော်ပြထားသည်။ ကလေးငယ်များနှင့် အမျိုးသမီးများ လုံးဝ ကြည့်ရှုရန် မသင့်တော်ပါ။