တစ်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲအကြိမ်လေးဆယ်ကျော်ဖြစ်

Author ခေတ်နီ
Categories
Published on Oct 06, 2023

တိုက်ပွဲပြင်းထန်နေသော စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား စက်တင်ဘာတစ်လအတွင်း တိုက်ပွဲ ၄၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့များတွင်ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်ပြုလုပ်ခဲ့ပြီး မူဆယ်မြို့နယ်တစ်ခုတည်းပင် လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်းရှိကြောင်း TNLA က ဆိုသည်။

ထိုလေကြောင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးများအသုံးပြုတိုက်ခိုက်သည့်အပြင့် အရပ်သားနေရာများကိုပါ ဗုံးကြဲချတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် အကြိမ်လေးရာကျော်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

TNLA ထုတ်ပြန်ချက်များအတွင်း နှစ်ဖက်တပ်များ၏ ထိခိုက်မှုများကိုဖော်ပြလေ့မရှိသည့်အတိုင်း ယခုထုတ်ပြန်ချက်တွင်လည်း မပါရှိပေ။

သို့သော် ယခင် TNLA ၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်များအရ စစ်ကောင်စီတပ်များထံမှ လက်နက်သိမ်းဆည်းရမိမှုများရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးအပါအဝင် အရပ်သားငါးဦးသေဆုံးခဲ့ရကြောင်းTNLA က ဆိုသည်။

ထိုစက်တင်ဘာလ ၂၄ ရက်က စစ်ကောင်စီတပ်၏ နမ့်ဖက်ကာ အခြေစိုက် ခမရ ၁၂၃ တပ်အနီးတွင် အရပ်သားတစ်ဦးမြေမြုပ်မိုင်းနင်းမိခဲ့သည့်အတွက် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။