တစ်မနက်တည်း စခန်းသုံးခုနှင့်အတူ စစ်ကောင်စီတပ်စခန်းလေးခု TNLA ထပ်သိမ်း

Author ခေတ်နီ
Categories
Published on Dec 11, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့နယ်ရှိ တစ်မနက်တည်းစခန်းသုံးခုနှင့်အတူ စစ်ကောင်စီတပ် စခန်းလေးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။

 

ကဒိုင်းဖူးတောင်တပ်စခန်းကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၁ ရက် တစ်မနက်တည်း နမ့်ဆန်မြို့နယ်ရှိ  လွယ်ဆိုင်တပ်စခန်း၊ နမ့်ဆန်ရဲစခန်းနှင့် လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းတို့ကို တအောင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

ကဒိုင်းဖူးတောင်တပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ပြီး ၆၀ မမ နှင့် ၈၀ မမ လက်နက်ကြီးများအပါအဝင် လက်နက် ၁၉ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့‌ကြောင်း TNLA ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထိုနည်းတူ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ တစ်မနက်တည်းတွင်လည်း နမ့်ဆန်မြို့နယ်ရှိ လွယ်ဆိုင်တပ်စခန်းနှင့် နမ့်ဆန်ရဲစခန်းတို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့်အပြင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း TNLA က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်မှမှစတင်ကာ ယနေ့အထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၅၇ ခုကို TNLA က သိမ်းပိုက်ခဲ့ပြီး နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသည်။

Related News

Depend on news