တစ်ပူပေါ် နှစ်ပူဆင့်တဲ့ အိန္ဒိယ(ဝါ) မီတီ-မီကီလူမျိုးရေး မီး
ပြီးခဲ့သည့် ရက်သတ္တပတ်ပိုင်းကမှ ဆစ်ခ်ဘာသာရေးခေါင်းဆောင် ဟာဒစ်ဆင် ကနေဒါမြေမှာ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကနေဒါဝန်ကြီးချုပ်က အိန္ဒိယရဲ့ လက်ချက်လို့ မပြောရုံတမယ်စွပ်စွဲခဲ့တာပါ။
ဒီလိုစွပ်စွဲမှုကြောင့် ကနေဒါနဲ့ အိန္ဒိယကြား ဆက်ဆံရေးတင်းမာနေပြီး နှစ်နိုင်ငံတွင်းက သံတမန်တွေကို အပြန်အလှန် နှင်ထုတ်သည်အထိကို ပွဲကြမ်းခဲ့ကြပါတယ်။
အခုလည်း တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို နောက်ထပ်ပြဿနာတစ်ခုက အတော်လေးဆိုးရွားပြီး ကိုင်ကွယ်ရခက်ခဲလာနေပါတယ်။
ဘာပြဿနာတက်ပြန်တာပါလဲ?
ဒီတစ်ခါတော့ ပြည်တွင်းပြဿနာပါ။
ပြဿနာမီးစက လောင်မြိုက်တာကြာတော့ မီးတောက်တစ်ခုသဖွယ်ဖြစ်လာနေပါပြီ။
အဲဒီမီးတောက်ကတော့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်ခြမ်းက မဏိပူရ်ပြည်နယ်အတွင်း လူမျိုးစုတွေကြားက ပြဿနာကြီးဖြစ်ပါတယ်။
မဏိပူရ်က ဘယ်မှာရှိပြီး ဘယ်သူတွေနေထိုင်ကြလဲ?
မဏိပူရ်ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာရှိပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ အရှေ့ဘက်ခြမ်းနဲ့ မြန်မာပြည်ရဲ့ ချင်း/စစ်ကိုင်းတို့နဲ့ နယ်နမိတ်ချင်းထိဆက်နေပါတယ်။
မဏိပူရ်ပြည်နယ်မှာ ခန့်မှန်းလူဦးရေ ၃ ဒသမ ၃ သန်းရှိပါတယ်။ ဒီထဲက တစ်ဝက်ကျော်ဟာ အများစုအုပ်စုဖြစ်တဲ့ မီတီလူမျိုးစုဖြစ်ပြီး ကျန်တဲ့ ၄၃ ရာခိုင်နှုန်း ဟာ ကူကစ်နဲ့ နာဂတ်စ်လူမျိုးတွေဖြစ်တဲ့အနည်းစုအုပ်စုတွေနေထိုင်ပါတယ်။
ပြဿနာရဲ့ ရင်းမြစ်ကဘာလဲ?
မဏိပူရ်က လူနည်းစုဖြစ်တဲ့ ကူကီလူမျိုးတွေက မီတီလူမျိုးတွေရဲ့ တရားဝင်မျိုးနွယ်စု အဖြစ်ချမှတ်ပေးဖို့ တောင်းဆိုမှုတွေအပေါ်ဆန္ဒပြခဲ့ပြီး ကူကီတွေအတွက်လည်း မြေတွေဝယ်ယူခွင့်နဲ့ ကူကီနေရာတွေ အဓိက သတ်မှတ်ပေးဖို့ အစိုးရကို တောင်းဆိုရာကနေ စတယ်လို့ သိရပါတယ်။
ဒါတင်မကသေးပဲ တခြားမပြောပြနိုင်တဲ့ လူမျိုးရေးပြဿနာလိုအကြောင်းအရာတွေလည်း ကျန်ရှိနေပါသေးတယ်။
ကူကီတွေအဆိုအရတော့ မီတီလူမျိုးခေါင်းဆောင်တဲ့အစိုးရကဆင်နွှဲတဲ့ မူးယစ်တိုက်ပွဲကရရှိတဲ့ငွေကြေးတွေနဲ့ သူတို့လို လူနည်းစုမျိုးနွယ်အပေါ် အမြစ်လှန်ချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး မြန်မာဘက်က တရားမဝင်ပြောင်းရွေ့လာမှုတွေကလည်း တင်းမာမှုတွေကို တိုးစေခဲ့တာပါ။
လူဦးရေလူဦးရေတိုးပွားလာပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေမရှိတာက လူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေထဲ ရောက်အောင််််််််တွန်းပို့သလိုဖြစ်နေတာပါ။
ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်နေတာလဲ?
မီတီ၊ ကူကီနဲ့ နာဂါ ပြည့်သူ့စစ် လက်နက်ကိုင်တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား နယ်မြေလုမှုတွေ၊ ဘာသာရေးကိုးကွယ်မှုတွေ မတူညီခြင်းတွေနဲ့ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်လာကြတာ ဆယ်စုနှစ်တစ်ခုနီးပါးရှိလာခဲ့ပါပြီ။
သူတို့ကြား ဘုံတူညီမှုတစ်ခုကတော့ မျိုးနွယ်စုအကုန်လုံးနဲ့ အိန္ဒိယရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားက ပွတ်တိုက်မှုရှိနေတာပါ။
ဒါပေမဲ့ ခု နောက်ဆုံး မီးတောက်ကြီးကတော့ မီတီနဲ့ ကူကီ လူမျိုးစု နှစ်ခုရဲ့ အားပြိုင်တဲ့အဆင့်ပါပဲ။ သို့သော် ဒီမီးက ကြီးလာပြီဖြစ်လို့ မီးခိုကြွက်လျှောက်ဖြစ်လာမလားဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး “ဒီတစ်ခါ ကွဲပြားမှုကတော့ လူမျိုးစုလူမျိုးရေးပြဿနာသာဖြစ်ပြီး ဘာသာရေးနဲ့ မဆိုင်ပါဘူး” ဟု The Frontier Manipur ရဲ့ အယ်ဒီတာက ဆိုပါတယ်။
ဒါဆို မီတီ နဲ့ ကူကီ လူမျိုးတွေက ဘယ်လိုလူမျိုးတွေလဲ?
မီတီတွေဟာ မဏိပူရ်၊ မြန်မာနဲ့ အနီးအနားရပ်ဝန်းတွေမှာ အခြေချပေါက်ဖွားလာကြသူတွဖြစ်ကြပြီး အများစုက ဟိန္ဒူဘာသာကိုးကွယ်ကြပေမယ့် အနည်းငယ်ကတော့ ဆန်နာမဟီဘာသာကိုးကွယ်ကြပါတယ်။
ကူကီတွေအများစုကတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းမှ ပြန့်နှံ့လာကြတဲ့နေရာမှာ မဏိပူရ်မှာရှိကြသူအများစုရဲ့နောက်ကြောင်းဟာ မြန်မာ ဘက်ကလာတယ်လို့ ဆိုကြပါတယ်။
မီတီတွေက အင်မ်ပလ်တောင်ကြားမှာ နေထိုင်ကြပြီး ကူကီတွေကတော့ အနီးအနားရှိ တောင်တွေနဲ့ အနောက်ဘက်မှာ နေထိုင်ကြပါတယ်။
ဘာလို့ မီးစကနေ မီးတောက်အထိတောက်လောင်ခဲ့ရတာပါလဲ။
ဒီစက်တင်ဘာလရဲ့နောက်ဆုံးပတ်အစလောက်မှာ ပြီးခဲ့တဲ့ မေလအတွင်းက ကူကီမျိုးနွယ်စုရွာကိုဖျက်ဆီးကာ မိန်းမပျိုနှစ်ယောက်ကို မီတီယောင်္ကျားအုပ်ကြီးမှ တစ်ကိုယ်လုံးချွတ်ခိုင်းပြီး အတင်းအဓမ္မ လှည့်လှည်သွားလာခိုင်းတဲ့ ဗီဒီယို ပြန့်နှံ့ထွက်ပေါ် လာပြီးနောက် ပြဿနာက ပိုမိုကြီးထွားလာရတာပါ။
ကနဦးရရှိတဲ့သတင်းတွေအရ မေလထဲက ဖြစ်ပွားတဲ့ ပဋိပက္ခတွေအကြား လူ ၁၈၀ ကျော်သေဆုံးခဲ့ရပြီး ၄၈၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
လူ ၆ သောင်းကျော်လောက် ပြည်သူ့စစ်ထဲဝင်ရောက်ကြဖို့ စိုင်းပြင်းနေကြပြီး ရဲတွေနဲ့ စစ်ဘက်ဆိုင်ရာကလည်း ပြဿနာကို မထိန်းနိုင်ဘဲ ဖြေရှင်းဖို့ အခက်တွေ့နေကြပါတယ်။
အခုပဋိပက္ခထဲ ရဲတွေရဲ့ လက်နက်တိုက်တွေ လုယက် တိုက်ခိုက်ခံရပြီး ခရစ်ယာန်ဘုရားကျောင်း ရာကျော်နဲ့ ဟိန္ဒူဘုရားကျောင်း ဒါဇင်ထက်မနည်း ပျက်စီးခဲ့ရသလို ရွာတွေလည်း ဖျက်စီးခံထားရပါတယ်။
ယခုဆိုလျှင် မဏိပူရ်ကို ဦးဆောင်အုပ်ချုပ်တဲ့ ဝန်ကြီး အန် ဘိုင်ရမ် ဆင်းဟာလည်း မီတီတစ်ဦးဖြစ်တာကြောင့် ကူကီတွေက သူ့ရဲ့နေအိမ်တွေကိုမီးရှို့ဖို့ ကြိုးပမ်းနေကြပါတယ်။
ဒါကြောင့် သူ့အိမ်အနီးတဝိုက် ရဲနဲ့ စစ်တပ်လုံခြုံရေးတွေထူထပ်စွာ စောင့်ကြပ်နေရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘာပြောလဲ?
အိန္ဒိယ ဝန်ကြီးချုပ် နရမ်ဒရာ မိုဒီဟာ မိန်းမပျိုနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရတဲ့ ဗီဒီယိုမပေါ်ထွက်လာခင်အထိ ရေငုံနှုတ်ပိတ်နေခဲ့တာပါ။
အဲဒီဗီဒီယိုထွက်ပေါ်လာပြီးနောက်မှ “Shamed India” ဟု သုံးနှုန်းခဲ့ပြီး ” မဏိပူရ်ရဲ့ သမီးပျိုတွေအပေါ် လုပ်ခဲ့တာနဲ့ပတ်သက်ပြီး မေ့ဖျောက်လို့ရမှာ မဟုတ်သလို အပြစ်ရှိသူတွေကိုလည်း ခွင့်လွှတ်မှာမဟုတ်ဘူး” လို့ ထုတ်ပြောလာပါတယ်။
ယခုတော့ အိန္ဒိယအစိုးရအနေနဲ့ မဏိပူရ်လူမျိုးရေးအကြမ်းဖက်မှုကိုကိုင်တွယ်နိုင်ဖို့ စစ်သားအင်အား ၄ သောင်းကျော်နဲ့ ပြည်သူ့စစ်ကဲ့သို့ အဖွဲ့များ၊ ရဲများကို မနီပေါသို့ ပို့ဆောင်ထားပြီးဖြစ်ပါတယ်။
အခုလိုအကြမ်းဖက်မှုတွေကြောင့် မဏိပူရ်မှာ ဒေသတွင်း အရေးပေါ်အခြေအနေနဲ့ ကာဖျူး(ခေါ်) မာရှယ်လောပါထုတ်ပြန်ထားရပါပြီ။
ဒါပေမဲ့ ပြဿနာများဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး လူ ၅ ထောင်ကျော်လည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
အထွဋ်အထိပ်ရောက်နေကြတဲ့ပြဿနာမီး ပြေငြိမ်းဖို့အတွက်လည်း မလွယ်ကူသေးပေ။
တောက်လောင်ဆဲဖြစ်တဲ့ ကနေဒါမီးကို မငြှိမ်းသတ်နိုင်သေးခင်မှာပဲ တစ်ပုပေါ် နှစ်ပူဆင့်တဲ့ ပြည်တွင်းမီးကိုရော ဘယ်လိုငြှိမ်းသတ်နိုင်မှာလဲ။
မီတီ vs ကူကီ ရင်ဆိုင်တိုက်ပွဲ ပြေလည်သွားမလား။ ဒါမှမဟုတ် နိုင်မလား။ ရှုံးမလား။ သရေပွဲလား။ စောင်ကြည့်ရပါတော့မယ်။
Photo- The Times Of India