တစ်ပတ်အတွင်း ရွှေ၊ နိုင်ငံခြားငွေ၊ စက်သုံးဆီဈေးကွက် (စက်တင်ဘာ ၂၅ မှ ၃၀ အထိ)

Author ကိုထားဝယ်
Categories
Published on Sep 30, 2023

ဒီတစ်ပတ်(စက်တင်ဘာ ၂၅ မှ ၃၀ အထိ)ရွှေ၊ ငွေ၊ စက်သုံးဆီတွေကတော့ အကျဘက်ကို ရောက်ရှိခဲ့ပါတယ်။ ရွှေဈေးကွက်မှာဆိုရင် ကမ္ဘာ့ရွှေဈေးနေ့စဉ်ထိုးကျလာပေမယ့် မြန်မာ့ရွှေဈေးကတော့ အနည်းငယ်သာကျဆင်းခဲ့ပါတယ်။ နိုင်ငံခြားငွေကြေးဈေးကွက်မှာဆိုရင်လည်း ကျပ်ငွေပြန်မာလာတာကိုတွေ့ရပြီး အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ဘတ်နဲ့ မလေးရင်းဂစ်ဈေးတွေ အကျဘက်ကိုရောက်လာပါတယ်။ ထူးခြားချက်အနေနဲ့ စက်သုံးဆီဈေးတွေဘက်မှာတော့ အောက်တိန်းဈေးတွေကျပေမယ့် ဒီဇယ်ဈေးတွေကတော့ တက်ခဲ့ပါတယ်။
စုစည်းရေးသားသူ- ကိုထားဝယ်

ကမ္ဘာ့ဈေးကျပေမယ့် မြန်မာ့ဈေးမာဆဲ ရွှေ
****************************************
ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးနှုန်းတွေ နေ့စဉ်ကျဆင်းလာပေမယ့် မြန်မာပြည်တွင်းရွှေဈေးကွက်မှာတော့ ကျဆင်းခြင်းမရှိဘူးလို့ ဈေးကွက်ထဲကနေ သိရပါတယ်။
ယခုအပတ် စက်တင်ဘာ ၂၅ မှ ၃၀ အထိ ကမ္ဘာ့ရွှေဈေးဟာ တစ်ရက်ကို တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၀ မှ ၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး တစ်ပတ်အတွင်း တစ်အောင်စကို ၇၄ ဒေါ်လာအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး နေ့စဉ်ထိုးကျခဲ့ပေမယ့် မြန်မာ့ရွှေဈေးကတော့ တစ်ပတ်အတွင်း အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၅ သောင်းသာကျဆင်းခဲ့ပါတယ်။
ငွေကြေးဖောင်းပွအဆမတန်မြင့်တက်နေတဲ့မြန်မာနိုင်ငံမှာ လတ်တလော အလွယ်ကူဆုံး၊ အသေချာဆုံး၊ ငွေပြန်ဖြစ်အလွယ်ဆုံးနဲ့ လူလတ်တန်းစားတွေလက်လှမ်းမီတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ရွှေဖြစ်နေတာကြောင့် လူတွေဟာ ရွှေဆိုင်တွေမှာ ကြိတ်ကြိတ်တိုးဝယ်နေတာကြောင့် ဈေးနှုန်းမကျတာလို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၉၂၂ ဒေါ်လာအထိရှိခဲ့ပေမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာ ၁၈၄၈ ဒေါ်လာသာရှိပါတော့တယ်။
ပြည်တွင်းအခေါက်ရွှေဈေးကတော့ စက်တင်ဘာ ၂၅ မှာ အခေါက်ရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ၃,၄၈၀,၀၀၀ ရှိခဲ့ရာမှ စက်တင်ဘာ ၃၀ မှာ တစ်ကျပ်သားကို ၃,၄၃၀,၀၀၀ ဖြစ်ပါတယ်။

တဖြည်းဖြည်းကျလာတဲ့ နိုင်ငံခြားငွေကြေးများ
****************************************
ယခုအပတ် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုးမာလာတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးနှုန်းတွေတဖြည်းဖြည်းကျဆင်းခဲ့ပါတယ်။
အဲဒီအထဲ စင်ကာပူဒေါ်လာဈေးနှုန်းဟာ တစ်ဒေါ်လာကို ၇၅ ကျပ်အထိ အများဆုံးကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာဈေးနှုန်းကတော့ တစ်ဒေါ်လာကို ၅၅ ကျပ်၊ ထိုင်းဘတ်ကတော့ အနည်းငယ်သာကျဆင်းခဲ့ပါတယ်။
တရုတ်ယွမ်နဲ့ မလေးရှားရင်းဂစ်ဘက်ကို ကြည့်မယ်ဆိုရင်လည်း တစ်ပတ်အတွင်း ၁ ရင်းဂစ်ကို ၁၁ ကျပ်အထိကျဆင်းခဲ့သလို ယွမ်ကတော့ အစပိုင်းရက်တွေမှာ ကျဆင်းခဲ့ပေမယ့်နောက်ပိုင်းရက်တွေမှာ ပြန်မာလာခဲ့တဲ့အတွက် ကျဆင်းခြင်းမရှိခဲ့ပါဘူး။
လက်ရှိစက်တင်ဘာ ၃၀ ရက်နေ့နိုင်ငံခြားငွေ ပြင်ပပေါက်ဈေးတွေကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၃၁၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာကို ၂၃၉၅ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၉၂ ဒသမ ၉၅ ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၇၁၄ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၄၅၈ ကျပ် ပေါက်ဈေးရှိခဲ့ပါတယ်။

အောက်တိန်း ကျ၊ ဒီဇယ် တက်
****************************************
အခုပတ် စက်တင်ဘာ ၂၅ မှ ၃၀ အထိ စက်သုံးဆီဈေးကွက်အတွင်း အောက်တိန်းဆီဈေးတွေကျပေမယ့် ဒီဇယ်ဈေးတွေကတော့ မကျဘဲ မာလို့နေပါတယ်။
အခုတစ်ပတ်ထဲ အောက်တိန်း ၉၂ တစ်လီတာကို ၁၀၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၁၅ ကျပ်အထိကျပေမယ့် ရိုးရိုးဒီဇယ် တစ်လီတာကို ၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာကို ၅ ကျပ် တက်လာတာကိုတွေ့ရပါတယ်။
စက်တင်ဘာ ၃၀ ရဲ့စက်သုံးဆီဈေးတွေကတော့ အောက်တိန်း ၉၂ တစ်လီတာကို ၂၁၈၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၂၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၅၉၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၆၇၀ ကျပ်ဖြစ်ပါတယ်။