“တစ်ပတ်အတွင်း ဈေးကွက်သတင်းများ” (အောက်တိုဘာ ၂၂ မှ ၂၈ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Oct 28, 2023

ယခုအပတ်(အောက်တိုဘာ ၂၂ မှ ၂၈ ရက်အထိ)အတွင်း ရွှေ၊ ငွေ၊ စက်သုံးဆီဈေးကွက်မှာဆိုရင် ကျပ်ငွေဈေးမာလာတာကြောင့် အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးတွေကျနေပေမယ့် စက်သုံးဆီဈေးတက်သလို ပြည်တွင်းရွှေဈေးဟာလည်း ကမ္ဘာ့ဈေးတက်ခြင်းကြောင့် အဆက်ဈေးနဲ့ မာလို့ကောင်းနေဆဲဖြစ်ပါတယ်။
 
စုစည်ရေးသားသူ – ကိုထားဝယ်
 
“ကမ္ဘာ့ဈေးတက်လို့ မာကောင်းဆဲ ပြည်တွင်းရွှေဈေး”
****************************************
 
ကမ္ဘာ့ရွှေဈေးပြန်လည်မြင့်တက်လာခြင်းကြောင့် ကျရမယ့် ပြည်တွင်းရွှေဈေးဟာမကျဘဲ အတက်ဈေးနဲ့ရှေ့ဆက်နေဆဲဖြစ်ပါတယ်။
 
ကမ္ဘာ့ရွှေဈေးဟာ ဒီအပတ်အစ အောက်တိုဘာ ၂၂ ရက် တနင်္လာနေ့က ဈေးထက် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး‌နေ့ တွေမှာ ကျခဲ့ပေမယ့် သောကြာနေ့ကစလို့ပြန်တက်လာပြီး တစ်အောင်စကို အမေရိကန်‌ဒေါ်လာ ၂၀၀၀ ကျော်အထိ စံချိန်တင်တက်ခဲ့တာပါ။
 
ဒါကြောင့် ပြည်တွင်းရွှေဈေးဟာလည်း တနင်္လာနေ့ကထက်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့တွေမှာကျခဲ့ပေမယ့် သောကြာနဲ့ စနေမှာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
 
လက်ရှိပြည်တွင်းရွှေဈေးကွက်အတွင်း ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၂ သိန်း ခုနစ်သောင်းနှင့် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်း ခုနစ်သောင်းဈေးရှိပြီး ကမ္ဘာ့ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၀၆ ဒေါ်လာဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရပါတယ်။
 
“ကျပ်ငွေမာလို့ နိုင်ငံခြားငွေဈေးကျ”
****************************************
 
မြန်မာကျပ်ငွေဈေးမာလာတာကြောင့် နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ ဒီတစ်ပတ်အထဲ ကျဆင်းလာခဲ့ပါတယ်။
 
အဓိအနေနဲ့ အမေရိကန်နဲ့ စင်ကာပူဒေါ်လာဈေးတွေ ဆက်တိုက်ဆိုသလိုကျဆင်းခဲ့ပြီး ကျန်ငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်၊ ဂျပန်ယမ်း၊ တရုတ်ယွမ်နဲ့ မလေးရှားရင်းဂစ်ဈေးတွေ ကျတယ်ဆိုရုံလောက်သာ ကျခဲ့ပါတယ်။
 
ယခုအပတ်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၇၀ ကျပ်အထိကျပြီး စင်ကာပူတစ်ဒေါ်လာကို ၆၀ ကျပ်အထိကျခဲ့ပါတယ်။
 
လက်ရှိနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၃၂၃၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၂၃၆၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၉၀.၅၀ ကျပ်၊ တရုတ်တစ်ယွမ်ကို ၄၄၇ ကျပ်၊ ဂျပန်တစ်ယန်းကို ၂၁.၈၆ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၇၀၀ ကျပ်နဲ့ ကိုရီးယားတစ်ဝမ်ကို ၂.၄၁ ကျပ် ဈေးရှိပါတယ်။
 
“ကမ္ဘာ့ဈေး ဆင်းပေမယ့် ပြည်တွင်းဈေး မသိချင်ယောင်ဆောင်နေတဲ့ စက်သုံးဆီဈေးကွက်”
****************************************
 
 
ပြည်တွင်းစက်သုံးဆီဈေးနှုန်းအတက်အကျအတွက် အခရာကျတဲ့ ကမ္ဘာ့ဈေးနဲ့ အမေရိကန်ဒေါ်လာဖြစ်ပါတယ်။ အခုလတ်တလော အဲဒီနှစ်မျိုးလုံးရဲ့ဈေးတွေကျပေမယ့် ပြည်တွင်းစက်သုံးဆီဈေးကတော့ မကျဘဲ မသိချင်ယောင်ဆောင်ပြီး ဆိုင်တွေမှာ တက်ဈေးနဲ့ရောင်းနေဆဲဖြစ်ပါတယ်။
 
ဒီတစ်ပတ် အင်္ဂါကစလို့ ကမ္ဘာ့စက်သုံးဆီ Brent ဈေးနှုန်းတွေ ကျခဲ့ပေမယ့် ပြည်တွင်းဈေးကတော့ အင်္ဂါကစလို့မှာ အောက်တိန်း 92 တစ်လီတာကို ၅၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၅၅ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ်တစ်လီတာကို ၅၀ ကျပ်ဈေးတက်ခဲ့ပါတယ်။
 
လက်ရှိကမ္ဘာ့စက်သုံးဆီ Brent ဈေးနှုန်းသည် တစ်စည်ကို အမေရိကန်ဒေါ်လာ ၉၀.၄၈ ဒေါ်လာဈေးရှိပြီး ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း 92 တစ်လီတာကို ၂၀၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၁၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၁၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၂၄၂၀ ကျပ်ဈေးရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရပါတယ်။