တစ်ပတ်လုပ်ခ ပေါင် ၈ သိန်းခွဲအထိပေးပြီး ရက်ချ်ဖိုဒ့်ကို ခေါ်ယူဖို့ ချိန်ရွယ်လာတဲ့ ပီအက်စ်ဂျီ

Author မောင်ရှမ်း
Categories
Published on Dec 12, 2022

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့အပြိုင် မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရက်ချ်ဖိုဒ့်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရက်ချ်ဖိုဒ့်ဟာ လာမယ့်နွေရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ချ်ဖိုဒ့်ကို မန်ယူနည်းပြ အဲရစ်တန်ဟက်ကလည်း အသင်းမှာဆက်နေဖို့အတွက် တိုက်တွန်းထားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ရက်ချ်ဖိုဒ့်ဘက်က ဆန္ဒရှိတယ်ဆိုရင် လာမယ့်နွေရာသီမှာ အလွတ်ကြေးနဲ့ ခေါ်ယူခွင့်ရရှိမှာဖြစ်ပြီး အပိုဆုကြေးတွေ အပါအဝင် တစ်ပတ်လုပ်ခ ပေါင် ၈၅၀၀၀၀ အထိ တန်ကြေးရှိမယ့် စာချုပ်နဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ရက်ချ်ဖိုဒ့်ဟာ အစောပိုင်းနှစ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် ဒီနှစ်မှာခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့သလို အင်္ဂလန်အသင်းနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိုက်သင့်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

ရက်ချ်ဖိုဒ့်ကိုခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအပြင် ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေတာကြောင့် အသင်းပြောင်းမယ့် ဆုံးဖြတ်ချက်ကတော့ ကစားသမားအပေါ်မှာပဲ မူတည်နေတာပါ။ လာမယ့်နွေမှာ အလွတ်ကြေးနဲ့ မန်ယူကို စွန့်ခွာမလား၊ အသင်းမှာပဲ ဆက်နေမလားဆိုတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သိရတော့မှာလည်းဖြစ်ပါတယ်။