တစ်ကမ္ဘာလုံးတွင် ကရင်ပြည်နယ်၌သာ တွေ့ရနိုင်သော မြန်မာ့ဌာနေရင်း ကြွေပန်းမျိုးစိတ်သစ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့

Author အဂ္ဂ
Categories
Published on Oct 07, 2023

တစ်ကမ္ဘာလုံးတွင် ကရင်ပြည်နယ်၌သာ တွေ့ရနိုင်သော ကြွေပန်းမျိုးစိတ်သစ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ ဇီဝမျိုးကွဲစုံကို ကွင်းဆင်းလေ့လာကာ မှတ်တမ်းတင်နေသော အဖွဲ့ဖြစ်သည့် Native Species Conservation Identification (NSCI) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

ကြွေပန်းမျိုးစိတ်သစ်၏ ဒွိနာမသိပ္ပံနာမည်၏ မျိုးစိတ်အမည်နေရာတွင် ရှာဖွေတွေ့ရှိရာဒေသ ကရင်ဒေသကို အစွဲပြု၍ “kayinensis” ဟုထည့်သွင်းခဲ့သည့်အတွက် နာမည်အပြည့်အစုံမှာ “Begonia kayinensis” ဖြစ်ပြီး မြန်မာအမည် “ကရင်ကြွေပန်း” ကိုပါ စာတမ်းထဲတွင် ထည့်သွင်းရေးသားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကြွေပန်းတွေထဲမှာမှ ထူးခြားတဲ့မျိုးစိတ်တစ်ခုဖြစ်တာမို့ မှတ်တမ်းတင်နိုင်ခဲ့တာကို ဝမ်းသာမိပါတယ်။ ဘယ်လိုထူးခြားတာလဲဆိုတော့ သူက ပင်စည်ရဲ့ထိပ်ကနေ ပန်းခိုင်ထွက်တဲ့ အုပ်စုထဲမှာ ပါဝင်တဲ့မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ ကြွေပန်းမျိုးစိတ်ပေါင်း ၂၀၀၀ ကျော် ရှိနေပြီး ဖြစ်ပေမယ့် ၄င်းအုပ်စုဝင် မျိုးစိတ်က ယခု မြန်မာနိုင်ငံက မျိုးစိတ်သစ် အပါအဝင် ၅ မျိုးပဲရှိပါသေးတယ်” ဟု စာတမ်းကို ဦးဆောင်ရေးသားခဲ့သူ မမြဘုန်းမော်က CJ Platform သို့ပြောသည်။

“ကရင်ကြွေပန်း”သည် ထူးခြားသော အရွက်မျက်နှာပြင်၊ ပန်းခိုင်ထွက်ပုံ နှင့် ပေါက်ရောက်ရာ ထုံးကျောက်တောင်၏ အရောင်အလိုက် အရွက်အရောင် ပြောင်းလဲသွားတတ်သော သဘာဝ ရှိသည့်အတွက် ရုတ်တရက်ကြည့်လိုက်ပါက ထုံးကျောက်တောင်နှင့် ရောနေတတ်သည်။ သူ့ကိုယ်သူ ကာကွယ်ထားသည့် သဘာဝမျိုးဟု ယူဆနိုင်သည့် အပင်ရှိနေမှန်း မသိသာစေသော ပုံစံမျိုးဖြင့် ထူးခြား၍ လှပသော မျိုးစိတ်တစ်ခုကို ယခုလို ဖော်ပြနိုင်ခဲ့သည်ကို ဝမ်းမြောက်မိသည်ဟုလည်း ဆက်လက်ပြောကြားသည်။

“အခုလို မျိုးစိတ်သစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းကတော့ citizen science ဆိုတဲ့ သိပ္ပံနည်းကျ သုတေသန လုပ်ဆောင်ချက်တွေမှာ သာမန်ပြည်သူတွေ ပူးပေါင်းပါဝင်မှုရဲ့ အကျိုးရလဒ်တခုဖြစ်ပါတယ်။” ဟုလည်း မမြဘုန်းမော်က ပြောသည်။

ဇီဝမျိုးကွဲစုံ သုတေသနလုပ်ဆောင်ခြင်းတွင် အခြေခံကျ၍ အရေးကြီးဆုံးဖြစ်သော အချက်နှစ်ချက်သည် ကွင်းဆင်းလေ့လာခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက မျိုးစိတ်သစ် ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သော်လည်း အတည်ပြုရန် အချက်အလက်များ မလုံလောက်ခြင်း၊ ကွင်းဆင်းလေ့လာနိုင်မှု မရှိခဲ့ခြင်းနှင့် အခြားသော အကြောင်းအရာများကြောင့် မှတ်တမ်းတင်ရန် နှောင့်နှေးခဲ့ရသည့် အခက်အခဲကို သာမန်ပြည်သူများက ကွင်းဆင်းလေ့လာခြင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် citizen science အကူအညီဖြင့် စာတမ်းရေးသားပြီး မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းမှ ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘားအံခရိုင် ဇွဲကပင်တောင်ကြောတလျှောက်၌သာ ပေါပေါများများတွေ့ရတတ်သော “ကရင်ကြွေပန်း” သည် နွေရာသီဆိုလျှင် အရွက်များ ကြွေသွားတတ်ပြီး မိုးရေသောက်ရသော ရာသီရောက်မှသာ ရွက်သစ်ဝေပြီး ပွင့်ဖူးတတ်သော သဘာဝရှိသည့်အပြင် ကျောက်တောင်များပေါ်၌ ကပ်ပေါက်‌လေ့ရှိကာ ချဉ်သောအရသာရှိသည့်အတွက် “ကျောက်ချဉ်ပန်း” ဟု ခေါ်ကြောင်းကိုလည်း NSCI အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကိုဝင်းပိုင်ဦး၏ လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖော်ပြချက်အရ သိရသည်။

ကိုယ်ထူကိုယ်ထ အဖွဲ့တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတဝန်းရှိ ဇီဝမျိုးကွဲစုံကို ကွင်းဆင်းလေ့လာကာ မှတ်တမ်းတင်နေသော NSCI အဖွဲ့တွင် ပြည်တွင်း၊ပြည်ပ ပညာရှင်များပါဝင်ပြီး မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကို အမျိုးအစားခွဲခြားပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းနှင့်ဆိုင်သော အသိပညာဗဟုသုတများ နှင့် အချို့သော အပင်များ၊ သတ္တဝါများအပေါ် အယူအဆအမှားများကို တည့်မတ်ပေးနိုင်မည့် ဆောင်းပါများ မျှဝေခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ ထို့အပြင် မိမိသိရှိလိုသော ဇီဝမျိုးစုံမျိုးကွဲများကို မှတ်တမ်းတင်ပြီး အမည်သိရှိနိုင်ရန် NSCI အဖွဲ့သို့ လာရောက်မေးမြန်းနိုင်ပြီး ထို့ကဲ့သို့ မေးမြန်းခြင်းအားဖြင့် မည်သည့်နေရာ မည်သည့်ဒေသတွင် မည်သည့်ဇီဝမျိုးစုံ မျိုးကွဲများ ပေါက်ရောက်ပါသည်၊ ကျက်စားပါသည်ဆိုသော သတင်းအချက်အလက်ကို ရရှိနိုင်မှာဖြစ်ပြီး ကွင်းဆင်းလေ့လာခြင်းနှင့် မှတ်တမ်းတင်ထားရှိခြင်းကို တပြိုင်တည်း လုပ်ဆောင်နိုင်မှာဖြစ်သည့်အတွက် မိမိတို့ သိလိုသည့် ဇီဝမျိုးစုံ မျိုးကွဲများကို လာရောက်မေးမြန်းဖို့ကိုလည်း မမြဘုန်းမော်က တိုက်တွန်းပြောကြားသည်။

မြန်မာ့ဌာနေရင်း မျိုးစိတ်သစ် “ကရင်ကြွေပန်း” အကြောင်း အသေးစိတ်စာတမ်းကို အောက်ပါလင့်ခ်သို့ ဝင်ရောက်ကာ အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

https://taiwania.ntu.edu.tw/abstract/1956
NSCI အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာ ကိုလည်း အောက်ပါ လင့်ခ်မှတဆင့် သွားရောက်ဆက်သွယ်နိုင်ပါသည်။
https://www.facebook.com/NSCIMyanmar?mibextid=ZbWKwL