တစ်ကမ္ဘာလုံးစောင့်ကြည့်နေတဲ့ ထိုင်ဝမ် သမ္မတ ဘယ်သူဖြစ်မလဲ?

Author လင်းနွေဦး
Categories
Published on Jan 12, 2024

တရုတ်ပြည်မကြီးခွဲထွက် ထိုင်ဝမ်ကျွန်းစုမှာ မနက်ဖြန် ဇန်နဝါရီ ၁၃ ရက် စနေနေ့မှာ သမိုင်းဝင်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ရှိနေပါတယ်။ ထိုင်ဝမ်ကျွန်းစုရဲ့ ၁၆ ယောက်မြောက် သမ္မတ မဲခွဲဆုံးဖြတ်ပွဲရှိနေပါတယ်။

 

ထိုင်ဝမ်ကျွန်းစုကို ကမ္ဘာ့အင်အားကြီး အမေရိကန်ပြည်‌ထောင်စုက အစဉ်စောင့်ကြည့်ကူညီခဲ့သလို တရုတ်ကလည်း လက်မလွှတ်ခဲ့ပါဘူး။

 

ချန်ကေရှိတ် Vs မော်စီတုန်းခေတ်ကတည်းက စခဲ့တဲ့ ထိုင်ဝမ်-တရုတ် ပွတ်တိုက်မှုဟာ အခုထက်ထိ ပွတ်တိုက်မှုအားကောင်းနေဆဲပါပဲ။ အဲဒီကြားထဲ အမေရိကန်ဝင်လာတာကြောင့် တရုတ်ခွဲထွက် ထိုင်ဝမ်မှာ အမေရိကန် အင်အားစုနဲ့ တရုတ်အင်အားစုဆိုပြီး နှစ်ဖွဲ့ရှိနေတာပါ။

 

အခုသမ္မတရွေးကောက်ပွဲဟာလည်း ဒီနှစ်နိုင်ငံကြားက အားပြိုင်မှုတွေကြောင့်လည်း ပိုလို့စိတ်ဝင်စားမှုမြင့်တက်နေတာပါ။

 

ဒီလိုစိတ်ဝင်တစားစောင့်ကြည့်ခံနေရတဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲက မနက်ဖြန်ကျင်းပတော့ မှာပါ။ လက်ရှိသမ္မတလောင်း သုံးဦးရှိပါတယ်။

 

သမ္မတလောင်း သုံးဦး ဘယ်သူတွေလဲ?

 

လက်ရှိ ထိုင်ဝမ်မှာ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ဆိုင်အင်ဝမ် Tsai Ing-Wen က တာဝန်ယူထားပါတယ်။ သူမအနေနဲ့တော့ နှစ်ကြိမ်တက်သမ္မတဖြစ်ထားလို့ ဆန္ဒရှိပေမယ့် ထိုင်ဝမ်အခြေခံဥပဒေအရ ထပ်ရွေးကောက်ခံလို့မရတော့ပါဘူး။

 

အစက သမ္မတလောင်းက လေးဦးပါ။ ဒါပေမဲ့ လေးယောက်မြောက် သမ္မတလောင်း ထိုင်ဝမ်ဘီလျံနာ တယ်ရီ ဂေါင် (Terry Gou)နုတ်ထွက်သွားတာကြောင့် သုံးဦးဖြစ်သွားတာပါ။

 

ကျန် သမ္မတလောင်း သုံးဦးထဲ ကူမင်တန်(တရုတ်အမျိုးသား)ပါတီရဲ့ပြိုင်ဘက် ဒီမိုကရက်တိုးတက်ရေးပါတီ(DPP)က လိုင်ချင်းတီ(Laid Ching-Te)။ သူက လက်ရှိ ဒုသမ္မတဖြစ်သလို အလောင်းအလျာတွေထဲ ရေပန်းအစားဆုံးပါ။ သူဟာ မဟာမိတ် အမေရိကန်နဲ့ အနီးကပ်ဆုံးသူတစ်ဦးလည်းဖြစ်ပါတယ်။

 

ဒုတိယတစ်ဦးကတော့ ကူမင်တန်(တရုတ်အမျိုးသားပါတီ)က ဟိုယုအာ(Hou Yu -IH)ပါ။ သူကလည်း လက်ရှိအစိုးရအဖွဲ့မှာ တိုင်ပေ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ သူကတော့ အမေရိကန်ထက် တရုတ်ပြည်မနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

 

နောက်ဆုံးတစ်ဦးကတော့ တိုင်ပေ မြို့တော်ဝန်ဟောင်း ကိုဝမ်ဂျီ(Ko Wen-JE)ပါ။ သူဟာ ၂၀၁၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့တဲ့ ထိုင်ဝမ်ပြည်သူ့ပါတီ (TPP)ကဖြစ်ပါတယ်။

 

လက်ရှိ ထိုင်ဝမ်သမ္မတရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို လိုက်နာမယ်လို့ လေသံပစ်ထားပေမဲ့ ပြည်မ တရုတ်နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးဖို့လည်း တိုက်တွန်းမှုလုပ်ထားသူပါ။

 

ဒီသုံးဦးထဲ လက်ရှိသမ္မတရဲ့ DPP ပါတီက လိုင်ချင်းတီက သမ္မတနေရာရဖို့ တစ်ပြေးနေပြီး သူ့ရဲ့နောက်မှာ ကူမင်တန်က ဟိုယုအာနဲ့ TPP က ကိုဝမ်ဂျီတို့ အစဉ်လိုက်ရပ်တည်နေပါတယ်။

 

သမ္မတလောင်းသုံးဦးထဲက ဘယ်သူဖြစ်လာမလဲ။ မနက်ဖြန် ထိုင်ဝမ်မှာ ခြောက်လဆက်နေပြီး အသက် ၂၀ ပြည့်ပြီးသူ ထိုင်ဝမ်ပြည်သူ/ပြည်သားတွေက အဆုံးအဖြတ်ပေးတော့မှာပါ။

 

ထိုင်ဝမ်ပြည်တွင်းတင်မဟုတ်။ ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်မှုရှိနိုင်တဲ့ ဒီရွေးကောက်ပွဲကို ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ တရုတ်တို့ အနီးကပ်စောင့်ကြည့်နေသလို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။

 

CJ Platform ရဲ့ စာဖတ်ပရိသတ်ကြီးရော ဘယ်သူလို့ ခန့်မှန်းမိပါသလဲ။