တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြားများ ထုတ်ယူနိုင်ပြီဟု စစ်ကောင်စီ ကြေညာ

Author ခေတ်နီ
Categories
Published on Feb 16, 2023

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆို ခွင့်ကဒ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လာမည့် ၂၀၂၃ ခုနှစ်မတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် သူများအနေဖြင့် ဖြေဆိုခွင့်ကဒ်ပြားများကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ယခုလ ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်

ထိုသို့ ထုတ်ယူရာတွင် အခက်အခဲများရှိပါကလည်း သင်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများကို တိုက်ရိုက်မေးမြန်းနိုင်ကြောင်းလဲ သိရသည်။

ယခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် စနစ်ဟောင်းသင်ရိုး၏ နောက်ဆုံး စာမေးပွဲလည်း ဖြစ်သည်။

စစ်အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထပ်တွင် နှစ်စဥ် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူအရေအတွက်သည် ခုနှစ်သိန်းမှ ကိုးသိန်းကျော်ထိ ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြုလုပ်သည့် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ အရေအတွက်သည် နှစ်သိန်းရှစ်သောင်းခန့်သာရှိခဲ့ကာ တစ်သိန်းသုံးသောင်းခန့်သာ ဖြေဆို အောင်မြင်ခဲ့သည်။

စစ်အာဏာသိမ်းပြီးအချိန်မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများတွင် တက်ရောက်သူနည်းပါးခဲ့ပြီး ကျောင်းသားအများစုမှာ စစ်ကောင်စီ၏ ပညာရေးစနစ်အပေါ် အယုံအကြည် မရှိတာကြောင့် ကျောင်းမတက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုများတွင် ပါဝင်နေဆဲဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကျွန်ပညာရေး #တက္ကသိုလ်ဝင်တန်း