ဌာနဆိုင်ရာများ ပိုက်ဆံတောင်းလျှင် တိုင်ကြားနိူင်သည်ဟု ထုတ်ပြန်ပြီးနောက် ဒုဗိုလ်မှူးကြီးများ၊ ရဲမှူးများပါ တိုင်ကြားခံရခြင်းကြောင့် ညွှန်ကြားစာ ပြန်လည် ရုပ်သိမ်းရန်ပြင်ဆင်နေ 

Author ကိုပေါက်
Categories
Published on Nov 09, 2022

ဌာနဆိုင်ရာများ ငွေကြေးတောင်းပါက တိုင်ကြားနိူင်သည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများ အများဆုံးတိုင်ကြားခံရ၍ ဖြေရှင်းနေရသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီက အဂတိတရား ကင်းရှင်းစေရန် ငွေကြေးတောင်းခံသည့် ဌာနဆိုင်ရာများကို တိုင်ကြားရန် ညွှန်ကြားစာထုတ်ပြန်ပြီးနောက် နေ့စဥ်တိုင်ကြားသည့်စာများတွင် ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပိုများသည်ဟု တိုင်ကြားစာလက်ခံသည့်ဌာနမှ အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“အများဆုံးက ရန်ကုန်နဲ့ ဧရာဝတီ ပြီးရင်နေပြည်တော်အမြန်လမ်း အဲ့မှာ ယာဥ်စစ်တဲ့အဖွဲ့တွေက တောင်းတာ၊ တိုင်လို့ဖြေရှင်းမယ်ဆို စစ်သားနဲ့ရဲက များနေတယ်၊ တိုင်တဲ့သူတွေကလည်း စကစနဲ့ အဆင်ပြေနေတဲ့ သူတွေ၊ ကြံ့ဖွံ့ကသူတွေများတယ် ပြည်သူတွေကတော့ မယုံလို့ ထင်ပါတယ် မတိုင်ဘူး”ဟု (ရီမောကာ) ပြောသည်။

တိုင်ကြားမှုများကို ဖြေရှင်းရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို စစ်ကောင်စီက ပြီးခဲ့သည့်လများက ဖွဲ့စည်းခဲ့ပြီးခဲ့တာဖြစ်သည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဌာနဆိုင်ရာကိုပြောတာ စစ်တပ်မပါဘူး အချို့အရာရှိတွေပြောတယ် သူတို့က ကားပေါ်မှာ မသင်္ကာရင် ဖမ်းတာမဟုတ်ဘဲ ငွေတောင်းတာ သိန်းဆယ်ချီတောင်းတာရှိသလို ရာနဲ့ချီတောင်းတဲ့ အရာရှိတွေလည်းရှိတယ် တိုင်လည်းအရေးမယူဘူး”ဟု ပြောသည်။

တိုင်ကြားခံရသူများတွင် ဒုဗိုလ်မှုးကြီး အပါအဝင်အခြားအဆင့် ၂၃ ဦးနှင့် ရဲမှုးအပါအဝင်အခြားအဆင့် ၃၆ရှိပြီး အရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက် ငွေကြေးတောင်းခံမှုများ ပိုမိုပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“ညွှန်ကြားစာတောင် ပြန်ရုတ်သိမ်းဖို့အစီအစဥ်ရှိတယ် စစ်တပ်က သူတို့ဘာလုပ်လုပ်ကောင်းတယ် ဌာနဆိုင်ရာက တောင်းတယ်ဆို ဖမ်းမယ် ဆီးမယ်လုပ်တာ”ဟု ပြောသည်။

ပြီးခဲ့သည့်လက ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မတီများ ဖွဲ့စည်းခဲ့ရာ ငွေကြေးတောင်းခံရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် စစ်တပ်မှအရာရှိကြီးက ဦးဆောင်နေသည်ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတွေဆီက သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform