ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ ပြည်သူပိုင် နေအိမ် ခြောက်လုံးအား မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ် လေးစီး ခိုးယူသွား
ပဲခူတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ၊ရွှေကျင် မြို့နယ်နှင့် နတ်သံကွင်းမြို့တို့တွင် မကြာသေးမီရက်ပိုင်းက စစ်ကောင်စီတပ်မှ ပြည်သူပိုင်နေအိမ် ခြောက်လုံးအား မီးရှို့ဖျက်စီးခဲ့သည့်အပြင် ဆိုင်ကယ် လေးစီးအားယူဆောင် သွားခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးမှ CJ Platform သို့ ပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ရက်နေ့ နေ့လယ် ၁၀နာရီ ခွဲခန့်တွင် တွင် စစ်ကောင်စီတပ်များမှ ရွှေကျင်မြို့နယ် အတွင်းရှိ ညောင်ပင်ပေါက်ကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်နှစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ် လေးစီးအား ယူဆောင်သွားခဲ့သည် ဟု မြေပြင်တော်လှန်ရေးရဲဘော် ပြောကြားချက်အရ သိရသည်။
“သူတို့(စစ်ကောင်စီ)တပ်တွေ ရွာထဲကို ဝင်လာတော့မယ် ဆိုပြီး ရွာသားတွေ ကြိုသိလို့ရှောင်လိုက်နိုင်တယ်။ ရွာထဲမွှေနှောက် ရှာပြီး အိမ်နှစ်လုံးကို မီးရှို့သွားတယ်။ ပြီးတော့ ရွာသားတွေ ရဲ့ ဆိုင်ကယ်လေးစီးပါ မ သွားတာ ။ ရွာသားတွေ ကျွန်တော် တို့နဲ့ တွေ့တဲ့ချိန် ပြန်ပြောပြလို့သိရတယ်” ဟု ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်မှ CJ Platform သို့ပြောသည်။
အလားတူ ဖေဖော်ဝါရီ ၈ရက်နေ့ မနက် ၉နာရီ ခန့်တွင်လည်း စစ်ကောင်စီတပ်များမှ နတ်သံကွင်းမြို့ တွင်းရှိ နတ်သံကွင်းရဲစခန်းအနီး ပြည်သူပိုင် နေအိမ်လေးလုံးအား ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ယင်းမြေပြင်တော်လှန်ရေးရဲဘော် မှ ထပ်မံပြောကြားသည်။
ညောင်လေးပင်ခရိုင် အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လ ၄ရက်နေ့ မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးမဟာမိတ် အင်အားစုများမှ မူးမြို့နယ် အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ခမရ-၅၉၉၊ ခမရ-၅၉၀၊ မူးမြို့မ ရဲစခန်း နှင့် တံတားဂိတ်စခန်းတို့အား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နယ်မြေ ထိန်းချုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းလျက်ရှိရာ နတ်သံကွင်းမြို့နှင့် အနီးတဝိုက်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ကိုလည်း ရှေ့တန်းရောက် မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။