ညောင်ရွှေ၊ ထီခိုးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ဟောင်ဝှစ်ဇာများဖြင့် ပစ်ခတ်တိုက်ခိုက်၊  ဒေသခံများ တိမ်းရှောင်နေရ

Published on Mar 28, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာကို တိုက်ပွားဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့ဘက်မှ ထီခိုးကျေးရွာဘက်သို့ ၁၂၀ မမ ဟောင်ဝစ်ဇာအမြောက်ဖြင့် နံနက် ၁၀ နာရီခန့်တွင် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာအတွင်းရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ ကျေးရွာအတွင်း ပိတ်မိနေသည်ဟု PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ပြောသည်။

 

“မနက်ပိုင်း ၁၀ နာရီကျော်မှာ ဖယ်ခုံဘက်ကနေ ပစ်တာ ၁၂၀ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူလူထုတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်။ အချို့လည်း ပိတ်မိနေတယ်” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်တစ်လုံးပျက်စီးပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ၎င်းက ပြောသည်။

 

ထို့နောက် မတ် ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအနီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မီးလောင်ဗုံးကြဲချတိုက်ခိုက်ခြင်းတို့ကြောင့် စက်လှေဆိပ်တွင် ရပ်နားထားသည့် ပြည်သူပိုင် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်မတ် ၂၂ ရက်ကလည်း ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို တိုက်ပွဲမဖြစ်၊ လူမရှိသော်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်ငါးလုံးနှင့် ဆေးခန်း ထိခိုက်ပျက်စီးခဲ့သည်။