“ညောင်ပင်ကြီးရဲစခန်းကို PDF တွေ ဘယ်လို တိုက်ခိုက် သိမ်းပိုက်ခဲ့ရသလဲ”

Author လင်းခိုင်
Categories
Published on Jun 12, 2023

ဆားလင်းကြီးမြို့၊ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို ဇွန် ၉ ရက်တွင် ဒေသခံ PDF ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့ပြီး၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးခဲ့သည့်အပြင် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့သည်။ ယင်းတိုက်ပွဲ စတင်ဖြစ်ပေါ်လာခြင်းနှင့် မည်ကဲ့သို့ ဖြစ်စဉ်ကြောင့် ဝင်ရောက်တိုက်ခိုက်ဖြစ်ခဲ့သည်နှင့် ပတ်သက်သည်များကို တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးမှ အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုဖြစ်သည့် Triple Two Task Force မှ ကိုနေကြီးဖြင့် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး။ ။စခန်းကို စတင်တိုက်ခိုက်ဖြစ်ခဲ့တဲ့အကြောင်းလေးပြေကြားပေးပါ။

ဖြေ။ ။ ညောင်ပင်ကြီးစခန်းမှူးက နဂိုထဲကစိန်ခေါ်နေတာ၊ သတ္တိရှိတဲ့ကောင်လာခဲ့၊ ထွက်ခဲ့လိုက် ဘယ်သူမှ ဂရုမစိုက်ဘူးလို့ပြောနေတာ၊ စခန်းမှူးက ကျောက်ပေါက်ကြီးဆိုပြီး နံမည်ဆိုးနဲ့ နံမည်ကြီးနေတာ၊ သူသေတယ်ဆိုတော့ ပြည်သူတွေကပျော်နေတယ်။ ကျွန်တော်တို့ အဖွဲ့က ပုလဲဘက်ကိုရောက်သွားတဲ့ စစ်ကြောင်းကို လိုက်တိုက်ဖို့ ဦးတည်ထားတာ၊ စစ်ကြောင်းမှာ ဓားစာခံတွေပါနေတော့ တိုက်ဖို့အဆင်မပြေခဲ့ဘူး။ အဲ့ဒါနဲ့ မဟာမိနတ်တပ်ပေါင်းစုထဲက လက်ရွေးစင်ရဲဘော်တွေကို ရွေးထုတ်လိုက်တာ၊ မစ်ရှင်ကိုတော့ ဘယ်ရဲဘော်ကိုမှ မပြောပြထားဘူး။ အဲ့ဒါနဲ့ ဇွန် ၉ ရက် ညနေ ၅ နာရီခွဲလောက်မှာ သူတို့ ရေချိုးနေတဲ့ အချိန် စခန်းကို ဝင်ကပ်ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တာ။

မေး။ ။ တိုက်ပွဲပြီးတော့ လက်နက်တွေ၊ ပိုက်ဆံတွေကော သိမ်းဆည်းရမိခဲ့တာဆိုတော့၊ သူတို့ စခန်းအကုန်လုံးကို သိမ်းပိုက်နိုင်ခဲ့တာလား

ဖြေ။ ။သူတို့စခန်းကို ကျွန်တော်တို့ အင်အား ၁၀၀ ဝန်းကျင်နဲ့ တိုက်တာ၊ စခန်းမှာ ဖမ်းခံရထားရတဲ့ သုံ့ပန်း နှစ်ဦး MRDA ကရဲဘော်တွေလေ၊ အဲ့လူတွေပါ အပါ ၁၅ ယောက်ရှိတယ်။ သူတို့ထဲက တစ်ယောက်က ခွင့်နဲ့ ပြန်သွားတာ၊ ကျန်တဲ့ ရဲတွေ အကုန်သေတယ်။ ကျွန်တော်တို့က ပစ်ဝင် ဝင်တာ လက်နက်ချခိုင်းပြီးဝင်တာကို ကတုတ်ကျင်းထဲကနေပြီး ပြန်ပစ်လို့ တိုက်ပွဲက ပြင်းထန်သွားတာ၊ စခန်းမှူးက သူ့အခန်းထဲ ဝင်ပြေးပြီး လက်နက်ပြေးယူတော့ ကျွန်တော်တို့ တွေက လက်ဦးမှုရယူပြီး ရှင်းလင်းနိုင်ခဲ့တယ်။ ဖမ်းခံထားရတဲ့ ဓားစာခံနှစ်ယောက်က ပိုက်ဆံပုံးက ဘယ်မှာ၊ လက်နက်တွေ၊ ကျည်ပုံးတွေက ဘယ်နားမှာ၊ လက်နက်ကြီးထားတဲ့ ဘက်ဘယ်မှာဆိုပြီးလိုက်ပြတာ၊ လက်နက်တိုက်ကို စီးမဲ့အချိန်ရောက်တော့ လေယာဉ်လာတာမို့ ပြန်ဆုတ်လာခဲ့ရတယ်။ နို့မို့ဆိုရင် လက်နက်တွေ အခုထက်တောင်ရအုန်းမှာ။

မေး။ ။ တိုက်ပွဲဖြစ်ချိန် ဆားလင်းကြီးမြို့မှာ ရှိတဲ့ စစ်ကောင်စီ ဘက်က နေပြီး စစ်ကူတွေ ရောက်လာတာမျိုးရှိလား

ဖြေ။ ။ ဆားလင်းကြီး၊ ရွှေမြင်တင်တောင်ကို ဖေဖော်ဝါရီ ၂ ရက်လောက်က သိမ်းပြီးတော့ ယာယီ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကကောင်တွေ တပ်ကူလာကြတာ၊ ညောင်ပင်ကြီးနဲ့ သိပ်မဝေးဘူး။ တိုက်ပွဲဖြစ်ပွားပြီး မိနစ်လေးဆယ်လောက်မှာ တပ်က လေကြောင်းပစ်ကူလာတယ်လေ။ အဲ့ဒီမှာ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ပြန်ပစ်မိသွားတယ်။ ဆယ်ကောင်ကျော်လောက်သေတယ်ဆိုပြီး ကျွန်တော်တို့ စီကို မြေပြင်ကလူတွေသတင်းလာပို့တယ်။ သေသွားတဲ့ကောင်တွေကို စက်လှေနဲ့ ချက်ခြင်းခေါ်သွားတာ။

မေး။ ။ မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကလဲ စစ်ကူတွေလာတယ်လို့ပြောတယ်။ သူတို့တွေကကော တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့သေးလား။

ဖြေ။ ။ မုံရွာက ကောင်တွေက မြစ်ခြားနေတော့ ချက်ခြင်း မရောက်လာနိုင်ဘူး။ ည ခုနှစ်နာရီကျော်လောက်မှ ရောက်လာနိုင်တာ၊ သူတို့က တစ်ဖက်ကမ်းကနေပြီးတော့ ၄၀ မမတွေနဲ့ လှမ်းတော့ပြစ်တယ်။ သူတို့ လေကြောင်းပစ်ကူကြောင့်သာ ပြန်ဆုတ်လာရတာ၊ နို့မို့ဆိုရင် စခန်းမှာ အတော်များများ သိမ်းဆည်းရမိအုန်းမှာ။

မေး။ ။ အခုတိုက်ပွဲမှာ လွိုင်ကော်အခြေစိုက် Buffalo People Defense Force ပါဝင်ဖြစ်လာတဲ့ပုံကိုလဲ ရှင်းပြပေးပါ။
ဖြေ။ ။သူတို့က ဒီဘက်ကို သီးသန့်လာတာ၊ အညာဘက်ကို တစ်ပွဲလောက်တိုက်ချင်တယ်ပေါ့၊ ပုလဲဘက်ရောက်သွားတဲ့ စစ်ကြောင်းကတည်းက လိုက်လာတာ၊ ကျွန်တော်တို့တွေ အတော်ရင်းနှီးတယ်။ သူတို့ ဖက်က တစ်ယောက်ကျသွားတာတော့ စိတ်မကောင်းဖြစ်တာပေါ့ဗျာ၊ ဒါကလဲ အကြီးမားဆုံးပေးဆပ်မှုတွေပေါ့။

မေး။ ။ ညောင်ပင်ကြီးကျေးရွာကို စစ်တပ်က ထိန်းချုပ်ထားတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေရင်ဆိုင်နေရလဲခင်ဗျ

ဖြေ။ ။စစ်တပ်က ဇွန် ၉ ရက်ညပိုင်းမှာ ရွာကို စီးနင်းထားတယ်။ သူတို့ ရောာက်လာထဲက ရွာကို မီးရှို့နေတာ ဒီနေမနက်အထိပဲ၊ မီးရှို့ခံရတာတွေကတော့ အညာဒေသရဲ့ ပေးဆပ်နေရတဲ့ အခြေအနေပေါ့၊ စစ်တပ်က ညောင်ပင်ကြီးကို အနက်ရောင်နယ်မြေလို့သတ်မှတ်လိုက်ပြီး နယ်မြေကန့်သတ်ထားတဲ့ ပုံစံလဲတွေ့ရတယ်ဗျ။ ပြည်သူတွေက ရွာကို ပြန်သွားချင်နေတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မသွားနဲ့ တားထားတယ်ဗျ။ ကိုယ့်အိမ်ကိုယ်ယာပဲဗျာ မပြန်ချင်ပဲနေမလား၊၊ စစ်တပ်က ထိန်းချုပ်ထားတော့ အန္တရာယ်များလို့ဗျ၊ သူတို့(စစ်တပ်) မပြန်မချင်း စစ်ရှောင်တွေက ဘေးလွတ်ရာမှာနေရမှာဆိုတော့ ရက်ကြာရင် အစားအသောက်အတွက် အခက်အခဲဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် နီးစပ်ရာ စစ်ဘေးရှောင်လုပ်တဲ့သူတွေကို ၀ိုင်းကူဖို့ မေတ္တာရပ်ခံလိုပါတယ်။

မေး။ ။ အခုစစ်ဆင်ရေးကို ဦးစီးခဲ့တဲ့သူနဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့တွေကော သိလို့ရမလား

ဖြေ။ ။ အခုစစ်ဆင်ရေးက MOD လက်အောက်၊ ခရိုင်ကွပ်ကဲရေးအပိုင်းက လူကြီးပိုင်းအရာရှိတွေကနေပြီးတော့ စီမံကွပ်ကဲလိုက်တာ ဆားလင်းကြီးပကဖရယ်၊ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦးက ကျွန်တော်တို့ ဆားလင်းကြီးမြို့အထိုင် Alpha စစ်ကြောင်းရယ်၊ Buffalo People Defense Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။