ညောင်တုန်းမြို့ တန်ဆောင်တိုင်ပွဲတော် အတွက် ပြင်ဆင်ထားသည့် ရပ်ကွက်ရုံး မီးလောင်

Author ဂျွန်နသန်
Categories
Published on Nov 24, 2023

ညောင်တုန်းမြို့ တန်ဆောင်တိုင် နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသည့် အမှတ်(၂)ရပ်ကွက်ရုံးတွင် နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်းက  မီးမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

 

နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်ပွဲအတွက် အခြားရပ်ကွက်များနည်းတူ အမှတ်(၂) ရပ်ကွက်ရုံးတွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက် ည ၁ နာရီ ၃၀မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ချိန်တွင် ရုံးအနီးရှိပြည်သူများမှ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ကာ မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ၂ စီးလည်း ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

” ရှို့မီးမဟုတ်ပါဘူး ဝါယာရှော့ဖြစ်တာပါ ဘုရားပွဲအတွက်ပြင်ဆင်တဲ့နေရာမှာ လျှပ်စစ်မီးတွေ ဆင်ထားတာရှိတယ် ယာယီဆင်ထားတာဆိုတော့ အဲ့ဒီကနေလောင်တာဖြစ်မယ်” ဟု မီးသတ်ဦးစီးနှင့် နီးစပ်သူတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

ရပ်ကွပ်များအလိုက် စီတန်းလှည့်လည်သည့် ညောင်တုန်းမြို့ တန်ဆောင်တိုင် နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်ပွဲသည် ညောင်တုန်းမြို့၏ အထင်ကရပွဲတော်ဖြစ်ပြီး ကိုဗစ်ကာလ နှင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အကျဉ်းရုန်းသာ ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင် စီကားသိုက်မြိုက်စွာ ကျင်းပရန် ညွှန်ကြားချက်ရှိ‌ထားကြောင်း စစ်ကောင်စီနှင့် နီးစပ်ရာ အသိုင်းဝိုင်းမှ သိရပြီး ဘုရားပွဲမတိုင်မီကပင် ဆပ်ကပ်များ ဈေးရောင်းပွဲတော်များလည်း စည်ကားစွာ ရှိနေကြောင်းလည်း ဆိုသည်။

 

ထို့ပြင် ယခုနှစ်အတွက် ရပ်ကွက် (၆၊ ၇ နှင့် ၉) တို့မှ လှည့်လည်သူများနှင့် လှည့်လည်မည်ဖြစ်ပြီး လှည့်လည်သူများနှင့် မလှည့်နိုင်သည့် ရပ်ကွက်များမှာ ၂ သိန်းကျပ်ပေးရကြောင်း နှင့် ဘုရားပွဲစီစဉ်နေစဉ်အတွင်း ယခုကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းမျိုးမရှိပဲ ယခုအကြိမ်သည် ပထဆုံးဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးထံမှ သိရှိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ရုံးသုံးဘီဒိုတစ်လုံးနှင့် ဘုရားပွဲအတွက် ပြင်ဆင်ထားသည့် ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်းသိရှိရပြီး ဘေးအိမ်များသို့ ကူးဆက်ခြင်း မရှိခဲ့ကြောင်း သိရသည်။