ညောင်တုန်းတွင် စစ်မှုထမ်းရန် စာရင်းကောက်ယူရာတွင် အသက် ၃၆နှစ်အရွယ်များပါ ပါဝင်နေ

Author ဂျွန်နသန်
Categories
Published on Apr 06, 2024

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းရန် မြေပြင်စာရင်းများ ကောက်ယူနေပြီး အသက် (၃၆)အရွယ် လူငယ်များပါ ပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

စာရင်းကောက်ယူရာတွင် အချို့မှာ အမည်စာရင်းပါဝင်သွားသော်လည်း ပါဝင်သွားသည်ကို မသိရှိဘဲ လာရောက်ခေါ်ယူမှသာ သိရှိရကြောင်း၊ အချို့မှာမူ အမည်စာရင်းပါဝင်ကြောင်း သိရသည်နှင့် တိမ်းရှောင်သွားသူများလည်း ရှိနေကြောင်း ၊ စစ်မှုထမ်းရန် အမည်စာရင်းများတွင် အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူများ မပါရှိဘဲ ကျန်ရှိခဲ့ကြောင်းလည်း သိရသည်။

 

” စာရင်းတွေက ထပ်ကောက်နေပြန်ပြီ ဘာဖြစ်လာအုံးမယ်မသိဘူး ၃၆ နှစ်သမားတောင်ပါတယ် နေရတာ အဆင်မပြေတော့ဘူး နောက်ရက်ကြရင်တော့ လစ်ဖို့လုပ်ထားတယ်” ဟု မြို့ပေါ်ရပ်ကွက်တစ်ခုရှိ စာရင်းပါသွားသည့် လူငယ်တစ်ဦးမှ CJ Platform ကို ပြောသည်။

 

ညောင်တုန်းမြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လအတွင်း တွင်လည်း စစ်မှုထမ်းဥပဒေအရ မဲနှိုက်ရွေးချယ်ခဲ့သော်လည်း မဲပေါက်သူလူငယ်အများအပြားထွက်ပြေးခဲ့ကြသဖြင့် မဲနံပါတ် ၄၊၅ ရရှိသူများကို မဲနံပါတ် ၁ နေရာအစားထိုး လွှတ်ခဲ့ရခြင်းများရှိခဲ့ကြောင်း သိရသည်။

 

“သိတာနဲ့ ကျွန်တော်လည်း လစ်လာလိုက်တယ် သူငယ်ချင်းတွေကိုလည်း လှမ်းပြောတယ် လစ်တဲ့ကောင်တွေလည်း လစ်သလို မလစ်တဲ့သူကလည်း ကျန်ခဲ့တာပေါ့၊ ရွာဘက်ကတစ်ယောက်ကဆို သူ့မိဘတွေက အဲ့သတင်းကြားပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်ခိုင်းဘူး” ဟု ထွက်ပြေးလာခဲ့သူ ညောင်တုန်းမြို့ခံတစ်ဦးမှ CJ Platform သို့ပြောသည်။

Related News

Depend on news