ညောင်တုန်းက မိမိဆန္ဒအလျောက် စစ်မှုထမ်းရန်စာရင်းပေးထားသူများ ထွက်ပြေး

Author ဂျွန်နသန်
Categories
Published on Mar 11, 2024

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ စစ်ကောင်စီ ထောက်ခံသူလူငယ်အချို့သည် ၎င်းတို့ဆန္ဒအလျောက် စစ်မှုထမ်းရန်စာရင်းပေးထားသော်လည်း ယခုအခါ ထွက်ပြေးနေကြကြောင်း ထွက်ပြေးသူများနှင့်နီးစပ်သူများထံမှ သိရသည်။

 

ယင်းထွက်ပြေးသည့်လူငယ်များသည် ညောင်တုန်းမြို့၊ ပေစိကျွန်းနှင့် ထိပ်ဝကြီးကျေးရွာအုပ်စုတို့တွင် နေထိုင်သူများဖြစ်ပြီး စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် ၎င်းတို့ဆန္ဒအလျောက် စာရင်းသွားပေးထားကြသူများဖြစ်သည်ဟု ၎င်းတို့နှင့်သိရှိသူ ဒေသခံများက ဆိုသည်။

 

“အစက နေ၊ စားငြိမ်း တစ်လ ငါးသောင်းရမယ်ပြောထားပြီး တကယ်တန်း လာခေါ်သွားတဲ့သူတွေ ဘာမှမရကြဘူး။ သူတို့အိမ်ကတောင် ပြန်ထောက်ပံ့ပေးနေရသေးတာ။ စာရင်းပေးထားတဲ့သူတွေလည်း ရွာမှာ မရှိကြတော့ဘူး။ လစ်ကုန်ကြပြီ” ဟု ထိုအခြေအနေများကိုသိရှိသူ ညောင်တုန်းမြို့ခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ပေစိကျွန်းကျေးရွာတွင် စစ်သင်တန်းတက်ရောက်ရန် စာရင်းပေးထားသူ ၂၀ ကျော်အတွင်းမှ လေးဦးနှင့် ရှမ်းစုကျေးရွာမှ ၄ ဦးတို့ကို စစ်ကောင်စီတပ်သားများက အလုံပိတ်ကားကြီးဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် လာရောက်ခေါ်ဆောင်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် CJ Platform သတင်းရင်းမြစ်များက ပြောသည်။ ထို့နောက် နှစ်ပတ်ကြာခန့် စစ်သင်တန်းပေးကာ ပြန်လွှတ်လိုက်သဖြင့် စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များ ကျေးရွာသို့ ပြန်ရောက်ရှိနေပြီဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ထိုကာလအတွင်း ခြင်အလွန်ကိုက်သည့်ဒဏ်ခံရသည့်အပြင် နေထိုင်ရအဆင်မပြေသကဲ့သို့ အစားအသောက်လည်း လုံလောက်စွာ မကျွေးကြောင်း၊ မည်သည့်ထောက်ပံ့ကြေးမျှလည်း မရခဲ့ကြောင်း နှစ်ပတ်ကြာ စစ်သင်တန်းတက်ရောက်ခဲ့သူများနှင့် နီးစပ်သူများက ပြန်လည်ပြောပြသည်။

ထိုသတင်းများကြားသိပြီးနောက် မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် စာရင်းပေးထားသည့် စစ်ကောင်စီထောက်ခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ညောင်တုန်းဒေသခံများက ဆိုသည်။

 

မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် စာရင်းပေးထားသည့် စစ်ကောင်စီထောက်ခံသူ လူငယ်များ ပေစိကျွန်းနှင့် ထိပ်ဝကြီးကျေးရွာအုပ်စုတို့အပြင် အခြား‌ကျေးရွာအုပ်စုများတွင်လည်း ရှိ‌နေသေးကြောင်း CJ Platform အနေဖြင့် စုံစမ်းသိရှိရသည်။ ဘောလုံးကျေးရွာမှ စာရင်းပေးထားသည့် ၄၀ ဦးခန့်အတွင်းမှ လေးဦးကို သင်တန်းတက်ရောက်ရန်လာရောက်ခေါ်ဆောင်သွားပြီဖြစ်သည်ဟု သိရသည်။

 

၎င်းတို့ကို နယ်မြေခံတပ်ရင်း အမှတ် ၉၀၅ တွင် စစ်သင်‌တန်းပေးသည်ဟု ရွာခံအချို့ကဆိုကြသော်လည်း အမည်မဖော်လိုသူ စစ်သင်တန်းသွားတက်သူ၏ မိတ်ဆွေတစ်ဦးကမူ အင်္ဂပူလေ့ကျင့်ရေးတပ်တွင် သွားရောက် စစ်သင်တန်းတက်ရောက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

ထိပ်ဝကြီးနှင့် ပေစိကျွန်းကျေးရွာတို့သည် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်နယ်မြေအတွင်းတည်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကိုယ်စာလှယ်များ ရွေးကောက်ခံထားရသည်။

 

သို့သော် ယင်းရွာနှစ်ခုသည် စစ်ကောင်စီထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံကျေးရွာများဖြစ်ကြသည်အလျောက် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုထောက်ခံသည့် အမာခံကျေးရွာများဖြစ်သည်။

Related News

Depend on news