ညောင်ကုန်းရွာ မီးရှို့ခံရမှုအတွင်း စစ်ကောင်စီမှ အမျိုးသားနှစ်ဦးကိုပါ မီးရှို့ခဲ့ပြီး အမျိုးသမီး ၃ဦးအား အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက်ခဲ့

Author ခေတ်နီ
Categories
Published on Jan 16, 2023

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ညောင်ကုန်းရွာ မီးရှို့ခံရမှုအတွင်း အရပ်သား ၅ဦးဖမ်းဆီးခံရကာ နှစ်ဦးကို စစ်ကောင်စီတပ်များမှ သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ ထုတ်ပြန်ထားသည်။

ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်များမှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ဝင်ရောက် မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၅၀ ခန့် အပါအဝင် စပါးတိုက် ၁၅ လုံးနှင့် စစ်ဘေးရှောင်တဲ ၇ လုံးတို့ ပျက်စီးခဲ့တာပဲ ဖြစ်သည်။

ထိုသို့ မီးရှို့မှုအတွင်း စစ်ကောင်စီတပ်မှ ပလူသာရွာမှ ဖမ်းဆီးလာသည့် အသက် ၅၅နှစ်အရွယ် ဦးသန်းလွင်နှင့် ညောင်ကုန်းကျေးရွာရှိ အသက် ၇၇ နှစ်အရွယ် ဦးနွားတင်တို့အား နှိပ်စက်ညှင်းပမ်းကာ သတ်ဖြတ်ခဲ့ပြီး ညောင်ကုန်းရွာအတွင်း ပိတ်မိကာ အသက်ရှင်ကျန်ရစ်သည့် အမျိုးသမီး ၃ ဦးအနက် တစ်ဦးမှာ လည်ပင်း ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး ကျန်အမျိုးသမီး ၂ဦးမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ကာ အသက်အန္တာရယ် စိုးရိမ်ရကြောင်း သိရသည်။

“အမျိုးသား နှစ်ယောက်လုံးက မီးရှို့သတ်ခံရတော့ ပြာပုံပဲကျန်တယ်၊အသက် ၅၈ နှစ်အရွယ်အမျိုးသမီးကိုလဲ လည်ပင်းလှီးပြီးပစ်ထားခဲ့တာ၊အင်္ကျီထူနေလို့ မလှီးမိဘဲ အသက်ရှင်တာ ၊ကျန်အမျိုးသမီးနှစ်ယောက်ကိုက နှိပ်စက်ပြီး ဝမ်းဗိုက်ကိုဓားနဲ့ထိုးထားတာ၊ အိမ်ပေါ်မီးတင်ရှို့ပြီး သတ်မလို့ ကောက်ရိုး‌သွားယူနေတုန်း ထွက်ပြေးလွတ်မြောက်လာတာ ” ဟု ဒေသခံတစ်ဦးမှ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံ ဖြေကြားထားသည်။

ထို့သို့ စစ်ကောင်စီတပ်များမှ ညောင်ကုန်းရွာအား မီးရှို့မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ အတွင်းမီးရှို့မှုကြောင့် နေအိမ် ၃၀ ကျော် ပျက်စီးခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကျွန်းလှ #ကန့်ဘလူ #ညောင်ကုန်းရွာ