ညီနောင်သုံးဖွဲ့ “Nationwide Operation” ကြေညာပြီးနောက် ရန်ကုန်ရှိ စစ်ကောင်စီအထိုင်စခန်းများ ခပ်စိတ်စိတ်တိုက်ခိုက်ခံလာရ

Author ကိုထက်
Categories
Published on Dec 04, 2023

ညီနောင်သုံးဖွဲ့၏ “Nationwide Operation” “တစ်နိုင်ငံလုံး စစ်ဆင်ရေး” အဖြစ် ကြေညာပြီးနောက် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အများအပြားတွင် တပ်စွဲထားသော စစ်‌ကောင်စီအထိုင်စခန်းများ ခပ်စိတ်စိတ်တိုက်ခိုက်ခံလာရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

 

ညီနောင်မဟာမိတိသုံးဖွဲ့၏ ရှမ်းပြည်(မြောက်ပိုင်း)ဒေသတခွင် ၁၀၂၇ စစ်ဆင်ရေးတသ်လပြည့်သည့် နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ “Nationwide Operation” အဖြစ်စတင်မည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

 

ထိုသို့ကြေညာပြီးနောက်ပိုင်း နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် ယခု ဒီဇင်ဘာလဆန်းပိုင်းတို့တွင် ရန်ကင်း၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဗဟန်း စသည့်မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများ၊ စာသင်ကျောင်းရှေ့တပ်စွဲထား‌သော စစ်ကောင်စီတပ်သားများ၏ ဘန်ကာများကို မိုင်းဆွဲခြင်းဖြင့်လည်းကောင်း၊ သေနတ်ဖြင့် ပစ်ခတ်၍လည်းကောင်း၊ ဗုံးခွဲ၍လည်း‌ကောင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေကြသည်ကို စစ်ဆင်ရေးဖော်ဆောင်သည့်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

“ညဘက်တွေမှာ အများဆုံးကြားရတယ်။ ပေါက်ကွဲသံတွေက ရဲစခန်းနားကဖြစ်ဖို့များတယ်။ ဒီရက်ပိုင်းတွေခပ်စိပ်စိပ်ပဲ။ ညဘက်တွေတော့ ၈ နာရီလောက်ဆို အသွားအလာမရှိတော့ဘူး။ ဘယ်သူမှအပြင်မထွက်နေကြတာ ကောင်းပါတယ်။ သူတို့က တွေ့ရာလူကိုဆွဲတာလေ ” ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ဒီဇင်ဘာ ၁ ရက်နေ့ ရန်ကင်းရဲစခန်းရှိ ဘန်ကာ ၂ ခုကို အဝေးထိန်းမိုင်းဖြင့် Yangon Army(YA)နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခဲ့ကြပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ထိုအဖွဲ့များထံမှ သိရသည်။

 

ထို့ပြင် မြောက်ဥက္ကလာ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီဘန်ကာကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့က တိုက်ခိုက်ခံခဲ့ရသကဲ့သို့ မြောက်ဒဂုံ ၃၅ ရပ်ကွက်အနီးရှိ စစ်ကောင်စီ စီစဉ်ကျင်းပသော ဈေးရောင်းပွဲတော်နားတွင်လည်း ဗုံးပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့သေးကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

“သူတို့ပိုပြီးတိုက်ခိုက်ခံလာတော့ ပြည်သူတွေကို ပိုမဲလာမှာလည်း စိုးရိမ်တယ်။ ‌ရန်ကုန်မှာကဖြစ်လာရင်လည်း ဘယ်ပြေးကြမလဲ။ အတတ်နိုင်ဆုံးတော့ အိမ်ထဲနေကြပြီး မလိုအပ်ရင် အပြင်မထွက်ကြတာ ကောင်းပါတယ်။ အန္တရာယ်ကင်းအောင်ပေါ့” ဟု အမည်နှင့် နေရပ်မဖော်လိုသည့် ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

 

ယခုရက်ပိုင်း ရန်ကုန်မြို့က စစ်ကောင်စီနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အရှေ့ပိုင်းခရိုင်တပ်ရင်း၊ အနောက်ပိုင်းခရိုင်တပ်ရင်းနှင့် မြို့နယ် ပကဖများက ပူးပေါင်းစစဆင်‌ရေးများဖော်ဆောင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

 

အလားတူ ရန်ကုန်မြို့တွင်း လုံခြုံရေးတိုးမြှင့်ထားသော်လည်း စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြမှုများသည်လည်း ယခုရက်ပိုင်းအတွင်း နေရာအနှံ့တွင် အမျိုးမျိုးပေါ်ပေါက်လျက်ရှိသည်။

 

Yangon Army(YA)နှင့် အနောက်ပိုင်းခရိုင် ပကဖ ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပ ကျောက်ရေတွင်းတံတားတွင် “ရန်ကုန်မှာ ပြန်ဆုံမယ်”၊ “ရန်ကုန်ပေတရာပေါ်က သွေးတွေမခြောက်သေးဘူး”၊ “သွေးမအေးသေးဘူး”၊ “ရန်ကုန်ပြန်ရစေရမယ်”၊ “စနစ်ဆိုးကိုမှောက်ပစ်” အစရှိသည့် စာတန်းများကို ချိတ်ဆွဲခဲ့ပြီး “ဗုံးရှိသည်” ဟုလည်း သတိပေးချက် ရေးသားခဲ့သည်။

 

ရှမ်းပြည်(မြောက်ပိုင်း)တခွင်ရှိ စစ်ကောင်စီစခန်းများ၊ မြို့များလက်လွှတ်ခဲ့ရသည့်အပြင် စစ်ကောင်းတိုင်း၊ ချင်းပြည်နယ်တို့တွင်လည်း မြို့များလက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီသည် ရန်ကုန်တွင် တင့်ကားဖြင့် ကင်းလှည့်သည်အထိ လုံခြုံရေးတင်ကြပ်လာသည်။