ညစ်ညမ်းဗီဒီယိုရိုက်ကူးသူတွေကို လူကုန်ကူးမှုနဲ့ စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်ချမှတ်

မြန်မာလူငယ်စုံတွဲတွေကို Sex Video (ညစ်ညမ်းဗီဒီယို) ရိုက်ကူးပြီး Live လွှင့်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးနဲ့ ပါဝင်ပတ်သက်သူ မြန်မာသုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)(ခ) အရ စစ်ကော်မရှင် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
မြန်မာလူငယ်စုံတွဲတွေကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး ချီထိုက် App ကနေတဆင့် Live လွှင့်တင်ခဲ့တာဖြစ်ပြီး လုပ်အားခအနေနဲ့ တစ်လကို ကျပ် ၁၁ သိန်းကနေ ၁၆ သိန်းအထိရရှိမယ်လို့ စည်းရုံးပြောဆိုကာ သုံးကြိမ်စီ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ မြန်မာလူငယ်စုံတွဲတစ်တွဲက ရွှေပြည်သာမြို့မှာရှိတဲ့ မိတ်ဆွေအမျိုးသမီးထံ အလုပ်သွားရောက် အကူအညီတောင်းခံခဲ့ရာကနေ လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာက နေအိမ်တစ်ခုကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေအိမ်မှာ မိတ်ဆွေအမျိုးသမီး၊ သူမရဲ့ခင်ပွန်း၊ အခြားလူငယ်စုံတွဲနှစ်တွဲနဲ့အတူ တရုတ်ဘာသာပြန်တစ်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာ အာဂျယ်၊ ကြီးကြပ်သူ Lin Te နဲ့ ရိုက်ကူးသူ Wang Xiaofeng တို့လည်းရှိနေတာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ခဲ့တာကြောင့် မြန်မာနှစ်ဦးနဲ့ တရုတ်နိုင်ငံသားသုံးဦးကို စစ်ခုံရုံးအဖွဲ့ ၃၈ က ဇူလိုင် ၂၉ ရက်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပေမဲ့ လူငယ်စုံတွဲသုံးဦးရဲ့ အခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။ ဒါရိုက်တာ အာဂျယ်ဆိုသူကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ – EPA