ဇလွန်မြို့တွင် အသ-တ်ခံရသည့် CDM ဆရာစောရဲသီဟအား ပညာရေးအာဇာနည်အဖြစ်သတ်မှတ်

Author လင်းခိုင်
Categories
Published on Oct 20, 2022

ဧရာ၀တီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ အ၊ထ၊က ဒေါင့်ကြီးကျောင်းမှ အသတ်ခံရသည့် အထက်တန်းပြ ဆရာစောရဲသီသအား ပညာရေးအာဇာနည်အဖြစ်သတ်မှတ်ကြောင်း ညောင်တုန်းမြို့နယ် ပညာရေးဘုတ်အဖွဲ့က အောက်တိုဘာ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။

ဆရာ စောရဲသီဟသည် အောက်တိုဘာ ၁၇ရက်တွင် ကျုံရှကျေးရွာအုပ်စု၊ ကြံတောရွာနေအိမ်တွင် လူတစ်စု၏ အနုကြမ်းစီး၀င်ရောက် သတ်ဖြတ်ခြင်းခံခဲ့ရသည့်အတွက် မိသားစုနှင့် အတူထပ်တူ၀မ်းနည်း ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့ဘက်တော်သား သူရဲကောင်း ဆရာစောရဲသီဟသည် ပညာရေးအတွက် ပညာဒါနသင်ကြားနေသူဖြစ်ပြီး စိတ်စေတနာ ကောင်းမွန်သူဖြစ်သဖြင့် ပညာရေးအာဇာနည်အဖြစ် ၀မ်းနည်းစွာ ဦးညွတ်အလေးပြုသည်ဟု ညောင်တုန်းမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်သည်။

လူမသန်သော သတ်ဖြတ်နေမှုများအား ကမ္ဘာအ၀န်းရှိ နိုင်ငံများ၊ ပြည်သူလူထု တစ်ရပ်လုံးနှင့် ကျွန်ုပ်တို့ ပညာရေးအင်အားစုများမှ လုံး၀ ဆန့်ကျင်ရှုံ့ချသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။