ဇင်းကျိုက်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ၍ ရာအိမ်မှူး တစ်ဦးဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Aug 31, 2022

ဇင်းကျိုက်မြို့ ဆားဖိုစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရာအိမ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီကသိရသည်။

ဆားဖိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ ညကိုးနာရီချိန်က မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးကို တွေ့၍ စစ်ကောင်စီတပ်ကို ခေါ်ယူ၍ ရှင်းလင်းခိုင်းရာမှ ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“စစ်တပ်က လာရှင်းတော့ ဗုံးကမပေါက်သေးတော့ ယူသွားပြီး သက်မဲ့လုပ်တာ စစ်တပ်ပြန်သွားတဲ့အချိန် နောက်တစ်လုံးထပ်ပေါက်ပြီး ထိသွားတာ”ဟု ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ရာအိမ်မှူးဦးသိန်းဆိုသူတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဇင်းကျိုက်ဆေးရုံကို ပို့ဆောင်ထားရသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ဗုံးထပ်မံပေါက်ကွဲမှုကြောင့် ဆားဖိုစုရပ်ကွက်မှာ စစ်ဆေးမှုတွေပြုလုပ်ပြီး လက်လုပ်ဗုံးများကို ထပ်မံရှာဖွေခဲ့သေးသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ပေါင်မြို့နယ်နှင့်ဇင်းကျိုက်မြို့မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချိုဖမ်းဆီးခြင်းကိုခံခဲ့ရသည်။