ဆွဲတင်ထားသည့်ဈေးဖြင့် ငြိမ်နေသည့် စက်သုံးဆီဈေးနှုန်း

Author ကိုထားဝယ်
Categories
Published on Oct 19, 2023

စစ်ကောင်စီထိန်းချုပ်မှုခံထားရသော စက်သုံးဆီဈေးကွက်တွင် ဈေးနှုန်းကျနေသော်လည်း ဆိုင်များက ဈေးနှုန်းဆွဲတင်ထားကြသည်။

အောက်တိုဘာ ၁၆ ရက် တနင်္လာနေ့က အောက်တိန်း 92 နှင့် 95 တစ်လီတာလျှင် ၄၀ ကျပ်စီနှင့် ရိုးရိုးဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ်စီဈေးဆွဲတင်ထားကြသည်။ လတ်တလော ယင်းဈေးနှုန်းများဖြင့် အရောင်းအဝယ်ပြုလုပ်ျနကြသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းကို အပြောင်းအလဲဖြစ်စေသည့် အဓိကအကြောင်းအရင်းနှစ်ချက်ဖြစ်သော ကမ္ဘာ့ရေနံစိမ်းဈေးနှင့် အမေရိကန်ဒေါ်လာလဲနှုန်းတို့မှာ အပြောင်းအလဲမရှိပေ။

ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်း WTI Crude ဈေးသည် တစ်ပီပါလျှင် အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၃၂ ဒေါ်လာရှိပြီး Brent Crude ဈေးကတော့ တစ်ပီပါလျှင် အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၅၀ ဒေါ်လာဖြစ်ကြောင်း ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၃၃၂၅ ကျပ်ဖြင့်ငြိမ်သက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း 92 တစ်လီတာလျှင် ၂၀၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၅၅ ကျပ်နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၂၃၇၀ ကျပ်ဈေးဖြစ်ကြောင်း သိရသည်။