ဆွမ်ပရာဘွမ်မြို့၌ ယူလီခူး ခေါ် ကြွက်ဘေး ကျရောက်နေသဖြင့် လယ်ယာအများအပြား ပျက်ဆီး

Author မောင်ဒဂုံ
Categories
Published on Sep 05, 2022

ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ယူလီခူး ခေါ် ကြွက်ဘေး ကျရောက် နေပြန်သဖြင့် ဒေသခံများ၏ လယ်ယာအများအပြား ပျက်ဆီး ဆုံးရှုံးနေရကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ရှိ ဆွမ်ပရာဘွမ် ၊ လိုင်ဝါးယန်၊ ဆွပ်ခါး ၊ ကရန်ယန်၊ ဒရူးခ၊ ခဂါးယန်၊ မိုင်ထောင်၊ ဆူယန်၊ အင်ဂေါမ ၊ခင် ဒူကောင်၊ ပင်ဆောင်း၊ အင်တားဂလို ရွာစသည့် ကျေးရွာ များသို့ ပြီးခဲ့သည့် သြဂုတ်လကစပြီး သိန်းနှင့်ချီသည့် ကြွက်များ ရောက်လာခဲ့သည်။

” ပြောင်းခင်းတွေရော၊ စပါးခင်းတွေရော အကုန်ကိုက်တာပဲ။ ဘယ်လို ခြောက်ခြောက် ခြောက်လို့မရဘူး။ စိုက်ခင်းတွေ အကုန်ကုန်ပြီ” ဟု ဆွမ်ပရာဘွမ် ဒေသခံ တစ်ဦးက ပြောသည်။

ယခုနှစ် ကြွက်ဘေးကျရောက်ရာတွင် ဆွမ်ခါးရန်၊ ခဂါးရန် စသည့် ကျေးရွာများ၌ အဖျက်နှုန်း မြင့်မားသဖြင့် တောင်ယာများတွင် သီးနှံများပင် ပြန်မပေါက်တော့ဟု သိရသည်။

“ကြွက်ဘေးသင့်တဲ့ ရွာတွေက များတယ်။ ဆွမ်ပရာဘွမ် မြို့နယ်တစ်ခုvHk; လိုပေါ့။ ကားလမ်း တောက်လျှောက်ပေါ့နော်။ ဆွမ်ပရာဘွမ်ကနေ အောက်ဘက် ၁၂ရွာပေါ့။ တစ်ချို့ ရွာတွေဆို တော်တော်ဆိုးတယ်။ ဆွပ်ခါးယန်တို့ ခဂါးယန်တို့ဆို စပါးပင်တောင်မပေါက်တော့ဘူး ပြောတယ်” ဟု ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးက ဒေသတွင်း သတင်းဌာန ရှမ်းနီအသံ သို့ ပြောထားသည်။

ကြွက်များမှ အကောင်ရေ သိန်းနှင့်ချီ၍ ရောက်လာခြင်းဖြစ်ပြီး လယ်ယာသီးနှံ အများအပြား ပျက်ဆီးနေရသဖြင့် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။

ဒေသခံ ကချင်မျိုးနွယ်စုများက အဆိုပါ ကြွက်ဘေး ကျရောက်သည့် ဖြစ်စဥ်ကို ယူလီခူးဟု ခေါ်ဆိုကြပြီး ၁၉၇၃ ခုနှစ်နှင့် နောက်ပိုင်း နှစ်များတွင် ယင်းသို့ ကြွက်ဘေးကျရောက်ခဲ့ဖူးသည်။

ထိုအချိန်ကလည်း ကြွက်များမှ ဒေသခံများ နှိမ်နင်း၍ မရသည်ထိ ဖြစ်ခဲ့သဖြင့် နေရပ်ပြောင်းရွှေ့ နေထိုင်ရသည်ထိ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။