ဆေးဝါးကုသမှု မရရှိမှုကြောင့် မကွေးနှင့်စစ်ကိုင်းရှိ အကျဥ်းထောင်များမှ နိုင်ကျဥ်းနှစ်ဦး အသက်ဆုံးပါး

Author ခေတ်နီ ၊ မင်းထက်
Categories
Published on Jan 26, 2024

အကျဥ်းထောင်အတွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိမှုကြောင့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားနှစ်ဦး သေဆုံးခဲ့ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

 

မကွေးအကျဥ်းထောင်တွင် အကျဥ်းကျခံနေရသည့် မကွေးတက္ကသိုလ် ဓာတုဗေဒဘာသာ အထူးပြု ဂုဏ်ထူးတန်းဖြင့် CDMပြုလုပ်ထားသည့် မစုမေအောင်သည် အကျဥ်းကျခံနေရစဥ်အတွင်း အရေပြားလေးဖက်နာ၊ အသည်းကြီးကာ နှလုံးဖောက်ခြင်းရောဂါများ ခံစားခဲ့ရသော်လည်း အကျဥ်းထောင် တာဝန်ရှိသူများမှ ဆေးဝါးလုံလောက်စွာ ကုသပေးမှုမရှိခဲ့ခြင်းကြောင့် ယခုလ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

ထိုနည်းတူ စစ်ကိုင်းတိုင်းအတွင်းရှိ  အကျဥ်းထောင်တစ်ခုတွင်လည်း အသက် ၅၀ ကျော် နိုင်ငံရေးအကျဥ်းသားတစ်ဦးလည်း သေဆုံးခဲ့ရသေးကြောင်း သိရသည်။

 

“နှစ်ဦးလုံးက ရောဂါအခံရှိကြတယ်ပေါ့ ဒါပေမယ့်လည်း အကျဥ်းထောင်ထဲမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုကို မရတာရယ် ၊သူတို့ပြင်ပဆေးရုံမှ ကုသဖို့လိုတဲ့အချိန်မှာ ကုသဖို့မရတာရယ် အရမ်းနောက်ကျတော့မှ စစ်ကောင်စီလက်အောက်က ပြင်ပဆေးရုံကို ပို့ဆောင်တာတွေကြောင့် သေဆုံးရတာတွေပေါ့”ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးမှ ဆိုသည်။

 

ယခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီလက်အောက်ရှိ အကျဥ်းထောင်များတွင် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား လေးဦးအထိ ရှိလာပြီဖြစ်သည်။

 

ထို့သို့ အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများ အသက်ဆုံးပါးနေရမှုနှင့် ပတ်သက်၍ ပြင်ပသို့ သတင်းပေါက်ကြားမှုများ မရှိစေရန် အကျဥ်းထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဥ်းသားမိသားစုများအား ခြိမ်းခြောက်မှုများလည်း ရှိနေသည်။

 

ဓာတ်ပုံ – Political Prisoners Network – Myanmar