ဆေးရုံကနေ အသင်းရဲ့အောင်ပွဲကို စောင့်ကြည့်ခဲ့ရတဲ့ အနိုင်ဂိုးရှင် ခရစ္စတီယန် ပူလီဆစ်

Author မောင်ရှမ်း
Categories
Published on Nov 30, 2022

အီရန်နဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါဆုံးသွင်းဂိုးကို ရယူပေးနိုင်ခဲ့တဲ့ ပူလီဆစ်ကတော့ ပွဲအပြီးမှာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အနိုင်ဂိုးသွင်းချိန်မှာ ပြိုင်ဘက်ဂိုးသမားနဲ့ ထိခိုက်မိခဲ့တာကြောင့် ဆေးရုံကို ရောက်သွားခဲ့ရလို့ပါပဲ။ ပူလီဆစ်ဟာ ပွဲချိန် ၃၈ မိနစ်မှာ အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့တာဖြစ်ပြီး ဂိုးသွင်းယူချိန်မှာ အီရန်နောက်ခံလူနှစ်ယောက်နဲ့ ဂိုးသမားတို့အကြား ခက်ခက်ခဲခဲသွင်းယူခဲ့ရသလို ဂိုးသမားနဲ့လည်း ထိခိုက်မိခဲ့တာကြောင့် မိနစ်အတန်ကြာ ဆေးကုသမှုခံယူခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် လူစားလဲခဲ့ရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပူလီဆစ်ဟာ ဆေးရုံကနေ သူ့ရဲ့ပုံတစ်ပုံနဲ့အတူ လူမှုကွန်ယက်အကောင့်ကတစ်ဆင့် “ငါ့ကောင်တွေအတွက် ငါအရမ်းဂုဏ်ယူပါတယ်။ ငါလည်း စနေနေ့အတွက် အသင့်ဖြစ်နေပါပြီ။ စိတ်မပူကြပါနဲ့” လို့ ရေးသားထားခဲ့ပါတယ်။

အမေရိကန်နည်းပြ ဘာဟဲလ်တာကလည်း “သူ့ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးရုံကို ခေါ်သွားခဲ့တာပါ။ ဆိုးဆိုးရွားရွားထိခိုက်တာတော့ မရှိပါဘူး။ ခေါင်းမူးနေပြီး ဝမ်းဗိုက်မှာ နာကျင်မှုအနည်းငယ်ခံစားနေရတာကြောင့်ပါ။ ဆေးရုံကိုရောက်ပြီးချိန်မှာတော့ သူက ဖုန်းထဲကနေ အသင်းရဲ့ ဂိုးရလဒ်ကို စောင့်ကြည့်နေခဲ့ပါတယ်၊ အခုတော့ ကျွန်တော်တို့ဟာ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါပြီ။ နယ်သာလန်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။