ဆောထိ(ရွှေကျင်)မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် (၄)လုံး ပျက်စီး

Author လင်းနွေဦး
Categories
Published on Nov 09, 2023

ကရင်အမျိုးသားအစည်းအရုံး (K.N.U) အုပ်ချုပ်မှုနယ်မြေ ၊ ခလယ် လွီထူ(ညောင်လေးပင်)ခရိုင် ၊ ဆောထိ(ရွှေကျင် )မြို့နယ် အတွင်း ပုဇွန်မြောင်းဒေသ၌ တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ ခမရ-၂၀ မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် (၄) လုံး ပျက်စီးခဲ့ရကြောင်း K.N.U မှ ထုတ်ပြန်သည်။

အဆိုပါ ခမရ-၂၀ မှ အောက်တိုဘာ (၈) ရက် ယမန်နေ့၌ ပုဇွန်မြောင်းဒေသတွင် တပ်စွဲကာ ကျေးရွာ များအတွင်းသို့ ဟောင်ဝပ်ဇာ (၁၂၂) မမ များအား ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် အနီးအနားရှိ ဂွေးကုန်း ကျေးရွာ တွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲကာ ဦးသာချို၊ ဦးမောင်ငင် ၊ ဦးလှကြည်၊ ဦးဖိုးရှား တို့၏ နေအိမ် (၄) လုံး ထိမှန် ပျက်စီးခဲ့ရကြောင်း သိရသည်။

ခလယ်လွီထူ( ညောင်လေးပင်) ခရိုင် သည် လက်ရှိ အချိန် တွင် K.N.U အုပ်ချုပ်မှုနယ်မြေများ အတွင်း စစ်ကောင်စီတပ်၏ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုအား အများဆုံး ခံစားနေရသော ဒေသတစ်ခု ဖြစ်သည်။

K.N.U ၏ စစ်တမ်းအချက်အလက်များအရ စစ်ကောင်စီတပ်များ၏ ကော်သူလေး အုပ်ချုပ်မှု နယ်မြေများအတွင်း ဇန်နဝါရီလမှ စတင်ကာ စက်တင်ဘာ လကုန် အထိပင် ကျူးလွန်ခဲ့သော လေကြောင်းတိုက်ခိုက်မှု မှာ (၃၆၅) ကြိမ် နှင့် လက်နက်ကြီး ပစ်ခတ်မှု (၁၂၇၂)ကြိမ် တို့ ကျူးလွန်ခဲ့ကြောင်း K.N.U မှ ထုတ်ပြန်ထားသည်။