ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းလေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူ (၁)ဦးသေဆုံးကာ နေအိမ်(၃)လုံး ထိခိုက်ပျက်စီး

Author လင်းနွေဦး
Categories
Published on Nov 20, 2023

ကရင်အမျိုးသားအစည်းအရုံး (K.N.U) အုပ်ချုပ်မှုနယ်မြေ ၊ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဆောထိ (ရွှေကျင်)မြို့နယ် အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦးသေဆုံးကာ နေအိမ်(၃)လုံးပျက်စီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၁၈) ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့်နှင့် ညနေ (၂)နာရီ ၃၀မိနစ် အချိန်ခန့်တို့တွင် ဆောထိမြို့နယ် ရှိ ဝါးတောကြီးကျေးရွာ အပေါ်သို့ စစ်ကောင်စီ၏ လေကြောင်းတပ်များမှ ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုများ မရှိခဲ့ကြောင်း ထုတ်ပြန်ချက် အတွင်း ဖော်ပြသည်။

သို့ရာတွင် ယင်းနေ့ နေ့လည် (၁၀)နာရီ (၅၀)မိနစ် အချိန်တွင် စစ်ကောင်စီ မှ ကျောက်တန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ အရပ်သားအမျိုးသမီး တစ်ဦးကျည်စထိမှန် သေဆုံးခဲ့ကာ ပြည်သူပိုင်နေအိမ် (၃)လုံး ဗုံးစထိမှန် ပျက်စီးခဲ့သည် ဟု K.N.U မှ ဆိုသည်။

 

စစ်ကောင်စီ၏ ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခြင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ(၁၇)ရက် နေ့၌ ၎င်းတို့ လက်အောက်ခံ ဆောထိ( ရွှေကျင်)မြို့နယ် အတွင်းရှိ ခမရ-၃၅၁ ၏ တောင်ခြေစခန်းအား ကရင်အမျိုးသား​လွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှ မိနစ်အပိုင်း အတွင်းသိမ်းပိုက်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီးနောက် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။