ဆောတွင် မိသားစုတစ်စုလုံးနီးပါး သတ်ဖြတ်ခံရသည့်ဖြစ်စဥ်အပေါ်စုံစမ်းမှုများ စတင်လုပ်ဆောင်နေပြီဟု YDFဆို

Author CJ Platform
Categories
Published on Aug 27, 2022

🖋ခေတ်နီ

မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအတွင်း ပျူစောထီးအဖွဲ့များ အစည်းအဝေးပြုလုပ်နေသည့်သတင်းအရ သွားရောက်ပစ်ခတ်ခဲ့မှုအတွင်း အသက်မပြည့်သေးသူ ကလေးငယ်တစ်ဦး အပါအဝင်အရပ်သား ၆ ဦးသေဆုံးခဲ့သည့် ဖြစ်စဥ်အပေါ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယောကာကွယ်ရေးတပ် YDFနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ရက်နေ့က ဆောမြို့ ၊ဇေယျရပ်ကွက် ဗိုလ်ချုပ်လမ်းက နေ့အိမ်ကို YDF -Sawက ပျူစောထီးများ အစည်းအဝေးပြုလုပ်နေတဲ့ဆိုသည့် သတင်းကြောင့် ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးအ ဆိုပါ ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင်အပါအဝင် ၎င်း ၏ညီ ၊ဇနီး၊ချွေးမ၊မြေးနှင့် အနီးအနားက လာရောက် လည်ပတ်သူတစ်ဦးပါ ပစ်ခတ်ခံရတာဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

ဒီပစ်ခတ်မှုဖြစ်စဥ်အပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများက ဝေဖန်မှုများ မြင့်မားနေခဲ့တာကြောင့် အဆိုပါဖြစ်စဥ်၏ အဓိက တာဝန်ရှိသူများဖြစ်သည့်YDF-Saw တပ်ဖွဲ့ဝင်များကို YDFဗဟိုကနေ စုံစမ်းမှုများပြုလုပ်နေပြီလို့ YDFပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“ကျွန်တော်တို့ စုံစမ်းတာတွေတော့စနေပြီဗျ စုံစမ်းရေးအဖွဲ့လည်းဖွဲ့ပြီး စုံစမ်းနေပြီပေါ့ တခြားသောအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီးလုပ်ဆောင်နေတယ် “ဟုYDFဗဟိုပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းက CJ Platform သို့ပြောသည်။

ယင်းအခြေအနေများနှင့်ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကလဲ အခုလိုပြောပြထားသည်။

“စုံစမ်းရေးကတော့စလုပ်နေပြီ YDFကိုလဲ ပူးပေါင်းဖို့ပြောထားတယ် တွေ့ရှိချက်အပေါ် မူတည်ပြီးဆက် လုပ်ရမှာပေါ့”ဟု CJ Platform သို့ပြောသည်။

အခုလို ဒလန်သတ်ဖြတ်ရှင်းလင်းတာတွေဟာ YDF ဗဟိုအနေနဲ့ ညွှန်ကြားမှုမျိုးမရှိပဲ ဒလန်ဟုစွပ်စွဲခံရသူများကို တရားရုံးကနေသာ ပြစ်ဒဏ်အသီးသီးချမှတ်ရမှာ ဖြစ်တယ်လို့လဲ သိရသည်။

“ဒလန်ရှင်းတာတွေက ဗဟိုကနေခွင့်မပြုထားဘူး ဗဟိုအစည်းအဝေးကနေ ဆုံးဖြတ်ထားတာပေါ့ ဒလန်တို့ ပျူစောထီးတို့ကို ရှင်းလင်းခွင့်မရှိဘူး သံသယရှိရင် ဖမ်းဆီးရမယ် ပြီးရင်တရားရုံးကိုအပ်ရမယ် အဲ့ကနေအမိန့်ချမယ်ပေါ့ အပြစ်ပေါ်မူတည်ပြီး ငွေဒဏ်၊ ထောင်ဒဏ်ပေါ့ အရမ်းဆိုးရင်တော့သေဒဏ်ပေါ့လေ ဥပဒေမဲ့ သတ်ဖြတ်တာမျိုးတော့ လက်မခံဘူးဟု”ကိုမင်းမင်းက ရှင်းပြသည်။

ယခုဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဗဟိုစုံစမ်းရေးအဖွဲ့အနေဖြင့် MOD၏ လမ်းညွှန်မှုများနှင့်အညီ စစ်ဆေးနေပြီး ပြစ်မှုကျုးလွန်မှု မှန်ကန်ကြောင်းတွေ့ရှိပါက အပြစ် ပေးဆောင်ရွက်မှုများ ပြုလုပ်မှာဖြစ်ပြီး နစ်နာသူမိသားစုကိုလည်း ကျေနပ်သည်အထိ တောင်းပန်သွားမှာ ဖြစ်ကြောင်းသိရသည်။

#မကွေးတိုင်း #ဆောမြို့ #ဒလန်ရှင်း #ကာကွယ်ရေးဝန်ကြီးဌာန #ယောကာကွယ်ရေးတပ်