ဆောင်းမှာ ပိုဖြစ်တဲ့ ရာသီတုပ်ကွေး‌ရောဂါ၊ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ။

Author ပင်ကီအိုင်လာ
Categories
Published on Nov 07, 2023

နှစ်စဉ်ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေကြောင့် မြန်မာနိုင်ငံတွင် အပူလွန်ကဲခြင်း၊ မိုးများခြင်း၊ကမ်းရိုးတန်း‌ဒေသတွေတင်မကဘဲ အချို့သော အလယ်ပိုင်းအညာဒေသတွေမှာပင် မိုးကြီး၊ ရေလျှံဖြစ်ပေါ်မှုများလာခြင်းတို့ကြောင့် ရာသီဥတုအကူးအပြောင်းကို ပြည်သူလူထုတွေ ခန့်မှန်းရခက်ခဲလာသလို ရာသီအကူးအပြောင်းကြမ်းတမ်းခြင်းတို့ကြောင့် ယင်းကြားကာလများတွင် ရာသီတုပ်ကွေးဟုခေါ်သည့် ဖျားနာခြင်းများ လူကြီး၊ လူငယ်၊ ကလေးငယ်မရွေးအဖြစ်များလေ့ရှိကြပါတယ်။

အခုကာလဟာလည်း မိုးအကုန် ဆောင်းအကူးကာလဖြစ်တဲ့အလျောက် လူကြီး၊ လူငယ်မရွေး ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များတွင် လူတို့ တိုးကြိတ်လို့နေရတဲ့အထိ ရာသီတုပ်ကွေးဒဏ် ခံစားနေကြရပါတယ်။

ဒါကြောင့် ယခုအပတ် CJ Platform ရဲ့ အပတ်စဉ်ကျန်းမာရေးကဏ္ဍကနေ ရာသီအကူးတုပ်ကွေးကျန်းမာရေးအကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်။

ရေးသားသူ- ပင်ကီအိုင်လာ

■ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသော ရာသီတုပ်ကွေးကာလ

မိုးတွင်းကာလမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီတုပ်ကွေး၊ဆောင်းအ၀င်မှာ ဖြစ်လေ့ရှိသော ရာသီတုပ်ကွေးဆိုပြီး ဖြစ်ကြတဲ့အလျောက် ဒီတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုး(Influenza Virus)ကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးသာဖြစ်ပါတယ်။ ကမ္ဘာအနှံ့အပြားမှာလည်း ယနေ့ထက်ထိ ပြန့်နှံ့လျက်ရှိဖြစ်ပွား‌နေဆဲဖြစ်ပါတယ်။ ရာသီတုပ်ကွေးဟာ အသက်အရွယ်အုပ်စုအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။

တစ်နှစ်လျှင် တုပ်ကွေးကာကွယ်ဆေး တစ်ကြိမ် ထိုးခြင်းဟာ ရာသီတုပ်ကွေး ကူးစက်ခြင်းကို (၉၅)ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ကမ္ဘာ့‌ကျန်းမာရေးအဖွဲ့(WHO)ရဲ့ စစ်တမ်းအရ တွေ့ရှိထားပါတယ်။

■ ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုးကူးစက်ပြောင်းလဲပုံ

ဗိုင်းရပ်စ်ပိုး(Influenza Virus)ဟာ လက်ရှိပျံ့နှံ့ကူးစက်နေတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေထဲက လူတွေမှာ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးများကို A အုပ်စု နဲ့ B အုပ်စု ဆိုပြီး အုပ်စု (၂)ခု ခွဲခြားသိနိုင်ပြီး အုပ်စု A အောက်မှာ H3N2 နဲ့ H1N1 ဆိုပြီး ထပ်ခွဲခြားနိုင်ကာ ၎င်းတို့ဟာ ယခင်က သေဆုံးမှုကိုအများဆုံးဖြစ်စေခဲ့ပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေကို Antigens လို့ လူသိများပြီး ဗိုင်းရပ်စ်ပိုးမျက်နှာပြင်ပေါ်ရှိ မတူညီတဲ့ ပရိုတိန်းအစိတ်အပိုင်း (၂)မျိုးနဲ့ ခွဲခြားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးပေါ်က ဆူးချွန်အစိတ်အပိုင်းများဖြစ်တဲ့ Haemagglutinin(H) နဲ့ Neuraminidase(N) လို့ခေါ်ကြပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇများဟာ Antigenic Drift လို့ အများသိကြတဲ့ အသေးစားဗီဇပြောင်းလဲမှုများကို အကြိမ်ကြိမ်ဖြစ်ပေါ်စေပြီး ပြောင်းလဲခြင်းများကနေတစ်ဆင့် တုပ်ကွေးကာကွယ်ဆေးများရဲ့ ဖော်မြူလာများကိုလည်း နှစ်စဉ်အဆင့်မြှင့်ပြောင်းလဲထွက်ပေါ်နေကြတာပါ။

■ ရာသီတုပ်ကွေးရောဂါ ဘယ်လိုကူးစက်လဲ?

တုပ်ကွေးဖြစ်နေတဲ့လူတစ်ယောက် ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါမှာ ထွက်လာတဲ့ သေးငယ်တဲ့အညစ်အကြေးများ၊ အမှုန်အမွှားများကနေတစ်ဆင့် ဗိုင်းရပ်စ်ပိုးဟာ လေထုထဲကနေ လူတစ်ဦးမှ တစ်ဦးဆီ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ နှာခေါင်း(သို့)လည်ချောင်းကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသောကြောင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး တစ်ရက်ကနေ လေးရက်အတွင်း လူနာဟာ လက္ခဏာ စတင်ပြတတ်ပြီး တုပ်ကွေးရောဂါဖြစ်တဲ့ တချို့လူတွေကတော့ လက္ခဏာမပြခင် ၁ ရက်က နေ ၇ ရက်အထိ ရောဂါကူးစက်မှုကို ခံစားရတတ်ပါတယ်။

ရောဂါဟာ လွန်စွာလျင်မြန်တဲ့အချိန်အတွင်း လူတွေဆီကူးစက်နိုင်ပြီး အထူးသဖြင့် လူထူထပ်တဲ့ နေရာတွေမှာ ပိုမိုကူးစက်နိုင်ပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ ရာသီဥတုဟာ တခြားအခြေအနေများနဲ့ယှဉ်ရင် ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်အပြင်ဘက်မှာ ပိုမိုကြာရှည်စွာ အသက်ရှင်သန်စေပြီး နောက်ဆက်တွဲအနေနဲ့ အပူအအေးမျှတဲ့ ဒေသတွေမှာ ကူးစက်ရောဂါများဟာ ဆောင်းတွင်းအချိန်ခါမှာ အဖြစ်များတတ်ပါတယ်။

■ ရာသီတုပ်ကွေးကြောင့်ဖြစ်ပေါ်တတ်သော ရောဂါလက္ခာများ

ရုတ်တရက်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အရိုးအဆစ်များနာကျင်ခြင်း၊ မောပန်းလွယ်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း စတာတွေဟာ ရာသီတုပ်ကွေးရဲ့ လက္ခဏာများဖြစ်ပါတယ်။

တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ်ပိုး(Influenza Virus)ကြောင့်ဖြစ်ပွားပြီး တစ်ဦးကနေ တစ်ဦးအလွယ်တကူ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတစ်ခုဖြစ်တယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုး ဟာ နှာခေါင်း၊ လည်ချောင်းအပြင် တစ်ခါတစ်ရံအဆုတ်ကိုပါ ကူးစက်တတ်ပြီး သာမန်ဖျားနာမှုကနေ ပြင်းပြင်းထန်ထန်ဖျားနာမှုအထိ ဖြစ်နိုင်သောကြောင့် ပုံမှန်အားဖြင့် ရောဂါကူးစက်မှုဟာ တစ်ပတ်ခန့် ကြာမြင့်တတ်ပါတယ်။

တုပ်ကွေးမိသူအများစုဟာ ဆေးကုသမှုမလိုအပ်ဘဲ တစ်ပတ်-နှစ်ပတ် အတွင်းမှာ ပျောက်ကင်းတတ်ပြီး အသက်အရမ်းငယ်သေးသူများ၊ အသက်အရွယ်ကြီးရင့်သူများနဲ့ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်နဲ့ နှလုံးရောဂါ စတဲ့ရောဂါအခံရှိသူများမှာ တုပ်ကွေးရောဂါဖြစ်ပြီဆိုရင် ပိုပြီး အန္တရာယ်ရှိသောကြောင့် ဒီလိုလူနာများအနေနဲ့ ပြင်းထန်တဲ့ရောဂါပြဿနာများ၊ နမိုးနီးယား အဆုတ်ရောင်ရောဂါသာမက သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။

■ ရာသီတုပ်ကွေးကို ဘယ်လိုကုသမလဲ? ဘယ်လိုကာကွယ်မလဲ?

ဆေးရုံတက်ကုသမှုနဲ့ သေဆုံးမှုဟာ အန္တရာယ်ရှိတဲ့ လူနာအမျိုးအစားတွေမှာ ဖြစ်နိုင်ခြေရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်တုပ်ကွေးရောဂါကြောင့် ဆိုးရွားစွာဖျားနာသူပေါင်း (၃) သန်း ကနေ (၅) သန်းအထိရှိပြီး အဲဒီထဲမှာမှ လူပေါင်း ၂၉၀,၀၀၀ ကနေ ၆၅၀,၀၀၀ အထိ သေဆုံးတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကျန်းမာရေး၀န်ကြီးဌာန(MOH)မှ သမားတော်တစ်ဦးက CJ Platform သို့ ပြောသည်။

ကလေးငယ်တွေ ရာသီတုပ်ကွေးရောဂါကို အများဆုံးခံစားရပြီး ရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်းတဲ့ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ပန်းနာရင်ကျပ်၊ ဆီးချို၊ နှလုံး စသဖြင့် နာတာရှည်ရောဂါ ရှိသူများ၊ ကိုယ်ဝန်သည်တွေဟာလည်း တုပ်ကွေးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

တုပ်ကွေးရောဂါနဲ့ဆက်စပ်ပြီး ဆိုးရွားတဲ့အခြေအနေရှိသူများဟာ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။တချို့လူတွေအနေနဲ့ တုပ်ကွေးကြောင့် ဖျားနာရုံနဲ့တင်မကဘဲ နောက်ဆက်တွဲပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။

တုပ်ကွေးရောဂါရဲ့နောက်ဆက်တွဲအနေနဲ့ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ နားပိုးဝင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ နှလုံးသွေးမညှစ်နိုင်ခြင်း(သို့)နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၊ ပန်းနာရင်ကျပ်(သို့)ဆီးချိုကဲ့သို့သော ပိုမိုးဆိုးရွားနိုင်တဲ့နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။

တုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး လုပ်ဆောင်မှုကတော့ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။

ဒါကြောင့် တုပ်ကွေးရောဂါကနေ ကင်းဝေးစေဖို့ ရောဂါကာကွယ်မှုများကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

စိတ်ချရတဲ့ကြိုတင်ကာကွယ်မှုများအနေနဲ့ နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်ရှူးနဲ့အုပ်ဆိုးပြီး အသုံးပြုပြီးတဲ့အခါ စနစ်တကျလွှင့်ပစ်ခြင်း၊ အုပ်ဆိုးခြင်း၊ မကြာခဏလက်ဆေးခြင်း၊ လူထူထပ်သောနေရာများကို ရှောင်ကြဉ်ခြင်း၊ အပူလွန်ကဲသော အ၀တ်အထည်များကို မ၀တ်ဆင်ခြင်း၊ အပြင်ထွက်လျှင် ခန္ဓာကိုယ်ကို ပေါ့ပါးသန့်ရှင်းစေနယ့် အ၀တ်အထည်နဲ့ အပူအအေး မျှတစွာ ၀တ်ဆင်တတ်ခြင်း၊ ဥပမာ-နေပူလွန်းတဲ့အချိန် အပြင်ထွက်မည်ဆိုပါက ဦးထုပ်၊ ထီး၊ အကာအကွယ်များ၀တ်ဆင်ခြင်း၊ ဆောင်းတွင်း မနက်ခင်းအချိန် ကျန်းမာရေးကိုယ်လက်လှုပ်ရှားလုပ်တဲ့အခါ သင့်တင့်‌လျှောက်ပတ်တဲ့အ၀တ်အထည်တို့ကို၀တ်ဆင်ခြင်း၊ ကလေးငယ်များ ရေချိုး၊ ရေဆော့တာမျိုးများကို ဂရုစိုက်ခြင်း၊ ဆပ်ပြာနဲ့ ရေသုံးပြီး လက်ကို မကြာခဏဆေးကြောကာ အထူးသဖြင့် ချောင်းဆိုးနှာချေပြီးတိုင်း လက်ဆေးကြောခြင်း။ ရေ သုံးဖို့အဆင်မပြေပါက အယ်လ်ကိုဟောပါတဲ့ လက်ဆေးရေကို အသုံးပြုသန့်စင်စေခြင်းဆို့ ပြုလုပ်ခြင်းဖြင့် တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါတယ်။

ရှောင်ရန်အနေနဲ့ကတော့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်များကနေတစ်ဆင့် ရောဂါပိုးကူးစက်တတ်တာကြောင့် မသန့်ရှင်းသော လက်နဲ့ပွတ်သပ်ခြင်း၊ ထိကိုင်ခြင်းမလုပ်သင့်ပါ။

ကိုယ့်အိမ်မှာရှိတဲ့ တစ်ယောက်ယောက်ဖျားနာတဲ့အခါမှာ သူတို့ ထိတွေ့ ထားတဲ့မျက်နှာပြင်များကို မကြာခဏ ပိုးသတ်ဆေးဖြင့် ဆေးကြောသန့်စင်ခြင်း စတဲ့ ရာသီတုပ်ကွေးအတွက် အခြေခံကျန်းမာရေးဆောင်ရွက်မှုများကို လိုက်နာ‌ကျင့်သုံးကြည့်ပါက ရောဂါပိုးပျံ့နှံ့မှု၊ ရောဂါပိုးကူးစက်မှုတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် လူတစ်ဦးမှ တစ်ဦးသို့ ပျံနှံ့မှုကိုလည်း တားဆီးပေးနိုင်သောကြောင့် CJ Platform ရဲ့ ကျန်းမာရေးကဏ္ဍကနေ ရေးသားဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။