ဆောက်လက်စ တဲလေးပေါ်မှ စစ်ဘေးရှောင် ကလေးငယ်လေး

Author မောင်ဒဂုံ
Categories
Published on Sep 22, 2022

KNU-ညောင်လေးပင်ခရိုင်အတွင်း ရှိ တောတွင်း တစ်နေရာ၌ စစ်ဘေးရှောင် မိသားစု တစ်စု ရောက်ရှိနေခဲ့သည်။ ယောင်္ကျားသားများက တောတွင်း၌ ယာယီ အခြေချ နေထိုင်နိုင်ရန် နှီး၊ ဝါးများ ပြင်ဆင်လျက် ရှိနေသည်။

အဆိုပါ စစ်ဘေးရှောင် မိသားစုအတွက် တောတွင်းမှ ခုတ်ယူလာသည့် ဝါးပိုးဝါးများဖြင့် တည်ဆောက်မည့် တဲအိမ်လေးက နေရပ်မပြန်နိုင်ခင် အချိန်များတွင် နားခိုစရာ နေရာတစ်ခု ဖြစ်လာပေမည်။

၄င်းတို့ မိသားစုသည် စက်တင်ဘာ ၁၄ရက်က စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်ကျေးရွာကို စွန့်ခွာထွက်ပြေးလာခဲ့ရသည်။

မူတြောခရိုင်ဘက်မှ ဆင်းလာသည့် စစ်ကောင်စီ တပ်ဖွဲ့များနှင့် KNLA တပ်ဖွဲ့များ စက်တင်ဘာ ၁၄ရက်က ညောင်လေးပင်ခရိုင်၊ လာဒို့မြို့နယ်၊ ခွီလားနယ်မြေ၊ လဲဝါ့ ကျေးရွာ အနီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လေကြောင်းကို တွင်တွင် အသုံးပြုတတ်သည့် စစ်ကောင်စီတပ်များ၏ ထုံးစံအတိုင်း ထိုနေ့တွင်ပင် တိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးကို လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲ တိုက်ခိုက်တော့သည်။

စစ်ကောင်စီလေတပ်က ကြဲချလိုက်သည့် ဗုံးများ၊ လေယာဥ်ပေါ်မှ စက်သေနတ်ပစ်ခတ်မှုများက လဲဝါ့ကျေးရွာနှင့် လောကဲလောခီးကျေးရွာများထဲ ဆက်တိုက်ကျရောက်ခဲ့သည်။

အဆင်ခြင်ကင်းမဲ့စွာ လက်နက်မဲ့ အရပ်သားများ နေထိုင်ရာ နေရာများပေါ် ဗုံးကြဲချနေသဖြင့် ၄င်းကျေးရွာ နှစ်ခုမှ ဒေသခံများ လေယာဥ် ဘေးရန်မှ ကင်းဝေးရာ တောထဲသို့ ထွက်ပြေးလာခဲ့ရတော့သည်။

မိုးကလည်း မိုးနှောင်းကာလဖြစ်၍ နေ့စဥ် လိိုလိုပင် ရွာနေခဲ့သည်။ စစ်ဘေးရှောင်လာရသူများထံ၌ ခိုင်ခိုင်ခံ့ခံ့ ကာရန်နိုင်မည့် အမိုးအကာဟူ၍ မရှိလှပေ။

ပလတ်စတစ် တာလပတ်စများက ကောင်းကင်မှ ရွာချနေသည့် မိုးရေစက်များကို တားဆီးရန် အကောင်းဆုံး အကာအကွယ် ပင်ဖြစ်နေခဲ့သည်။

နေထိုင်ရာ ကျေးရွာများကို စွန့်ခွာလာရ၍ စစ်ဘေးရှောင်များအတွက် စိတ်ညစ်နေ၍ မဖြစ်သေးပေ။ မကြာခင် အမှောင်ထုက ရောက်လာပေတော့မည်။

ည အမှောင်ထုက တောထဲက ခြင်များအတွက် အခါတော် ပေးနေသည့် အလား ဖြစ်လာပေလိမ့်မည်။ မိုးက ရွာချလိုက်ပါလျင် ပို၍ အခြေအနေက ဆိုးပေမည်။

သို့ဖြစ်ရာ အမျိုးသားများက တောထဲဝင် ဝါးပိုးဝါးများခုတ် တဲဆောက်ရန် ပြင်ဆင်ရလေသည်။ တဲဆိုသည်မှာလည်း ခိုင်ခိုင်ခံ့ခံ့ လုံလုံခြုံခြုံတော့ ဆောက်နိုင်မည် မဟုတ်ပေ။

ဝါးတန်းလေးများ ဝါးတိုင်လေးများကို တဲအသွင် အစီအရီ ဖြတ်တောက် ဆောက်ပြီး အပေါ်က တာလပတ်စ မိုးလိုက်ရုံသာ ဆောက်နိုင်သည်။

လတ်တလောတော့ တဲက စစ်ဘေးရှောင် မိသားစုပတွက် အမိုး လက်စသတ်ရန်သာ ကျန်တော့သည်။ ယခုတဲ၌ စစ်ဘေးရှောင်မိသားစုလေး အချိန်ကာလမည်မျှ ဖြတ်သန်းရဦးမည် မသိပေ။

သားငယ်လေးကတော့ အပူအပင်များကို မသိရှာပေ။ ပျော်ရွှင်မြူးတူးစွာပင် ဆောက်လက်စ တဲလေးပေါ်၌ ခုန်ပေါက်နေခဲ့သည်။

စွန့်ခွာခဲ့ရသည့် နေအိမ်အကြောင်းလည်း ကလေးငယ် သိမည်မဟုတ်သလို မစိုက်ပျိုးနိုင်တော့မည့် လယ်ယာများအကြောင်းလည်း သိရှာမည် မဟုတ်ပေ။

ဘေးနားက ဘဝတူ စစ်ဘေးရှောင် မိသားစုများ အကြောင်းလည်း ကလေးငယ်လေး သိလိမ့်မည်မဟုတ်ပေ။ ထိုစစ်ဘေးရှောင် မိသားစုလေးတွင်လည်း ကျောင်းမတက်ရပဲ စစ်ပြေးနေရသည့် ကျောင်းနေအရွယ် ကလေးများ ရှိနေပေသည်။

လေကြောင်းမှ ဗုံးကြဲနေသည့် ဒေသ၌ စာသင်ရန် ကျောင်းသို့ သွားရမည့် အရေးကို မိဘများက စိတ်ချနိုင်မည် မဟုတ်ပေ။

မကြာခင် အမှောင်သို့ ရောက်လာပေတော့မည်။ တောထဲမှ စစ်ဘေးရှောင် မိသားစုလေးအတွက် အမှောင်ဆိုသည်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ရမည်နည်း။

ဆောက်လက်စ တဲပေါ်မှ ကလေးငယ်ကတော့ အပူအပင်များနှင့် ဝေးကွာစွာ ကခုန်နေစဲပင်။ သို့သော် ကလေးငယ်လေးက ကောင်းကင်ထက်သို့ မော့ကြည်၍ မနေခဲ့ပေ။

နာမည်ကြီး ရုပ်ရှင်ဇာတ်ကား တစ်ခုထဲက ဇာတ်ဝင် စကားလုံးများအတိုင်း ကလေးငယ်၏ စိတ်ထဲ တွေးမိနေ၍လား……။

“နတ်ဆိုးများသည် မြေပြင်အောက်က မည်သည့်အခါမျှမလာခဲ့။ နတ်ဆိုးများသည် ကောင်းကင်ထက်မှသာ လာလေသည်” ဟူ၍ ပင်……။