ဆီးရီးယားရှိ အမေရိကန်တပ်အခြေစိုက်စခန်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရ၊ မဟာမိတ် ကာ့ဒ်တိုက်ခိုက်ရေးသမား ခြောက်ဦးသေဆုံး

Author အဂ္ဂ
Categories
Published on Feb 06, 2024

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် စခန်းတစ်ခုသည် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံခဲ့ရသဖြင့် မဟာမိတ် ကာ့ဒ်တိုက်ခိုက်ရေးသမား ခြောက်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

အမေရိကန်သည် ဆီးရီးယားနှင့် အီရတ် ဒေသတွင်းရှိ ၎င်း၏တပ်ဖွဲ့များကို ပစ်မှတ်ထားနေသည့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များကို သီတင်းပတ်ကုန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း ပြည်သူ့စစ်များဘက်က ပထမဆုံးအကြိမ်အဖြစ် သိသာထင်ရှားစွာ တုံပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

 

အဆိုပါ တိုက်ခိုက်မှုသည် ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir el-Zour ပြည်နယ်၊ al-Omar အခြေစိုက် စခန်းရှိ လေ့ကျင့်ရေးကွင်းကို  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့များ(SDF) က ယနေ့ (ဖေဖော်ဝါရီ ၅ ရက်)တွင် ပြောကြားခဲ့သည်။  တိုက်ခိုက်ခံရမှုတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိကြောင်းလည်း သိရသည်။

 

အီရတ်ရှိ အစ္စလမ်မစ်တော်လှန်ရေးအဖွဲ့ဟု အမည်ပေးထားသည့် အီရန်ကျောထောက်နောက်ခံပြု အီရတ်ပြည်သူ့စစ်အဖွဲ့သည် တိုက်ခိုက်မှုကို တာဝန်ယူလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အသေးစိတ်ဖော်ပြမထားသော နေရာတစ်ခုမှ ဒရုန်းကိုလွတ်တင်ခဲ့သည်ကိုပါ ပြသခဲ့သည်။

 

ဇန်န၀ါရီလနှောင်းပိုင်းတွင် ဂျော်ဒန်နိုင်ငံ သဲကန္တာရရှိ အခြေစိုက်စခန်းတစ်ခုတွင် အမေရိကန်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိစေခဲ့သည့် ဒရုန်းဖြင့်တိုက်ခိုက်မှုကိုလည်း အဆိုပါ အဖွဲ့ကပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

အမေရိကန်စစ်တပ်သည် အီရတ်အနောက်ပိုင်းနှင့် ဆီးရီးယားအရှေ့ပိုင်းရှိ အီရန် ကျောထောက် နောက်ခံပြု စစ်သွေးကြွအဖွဲ့များကို ပစ်မှတ်ထားပြီး လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ်  ယီမင်ရှိ ဟူသီသူပုန်များကို လေကြောင်းနှင့် ကုန်းကြောင်းမှ အကြိမ်ရေ ဒါဇင်နှင့်ချီကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ဆီးရီးယား ဒီမိုကရက်တစ်အင်အားစု (SDF) သည် ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို “ဆီးရီးယားအစိုးက ကျောထောက်နောက်ခံပြု ကြေးစားစစ်သားများ” ကလုပ်ဆောင်ခဲ့သည်ဟု ကနဦးတွင် စွပ်စွဲခဲ့သော်လည်း  တိုက်ခိုက်မှုကိုစုံစမ်းပြီးနောက်ပိုင်းတွင် ထုတ်ပြန်သည့် ဒုတိယထုတ်ပြန်ချက်တွင်မူ “အီရန် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များ” ဖြစ်သည်ဟု ပြစ်တင် ပြောဆိုခဲ့သည်။

 

အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် တပ်ဖွဲ့ဝင်များကို ဒရုန်းများဖြင့် အကြိမ်ရေဒါဇင်နှင့်ချီ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်နိုင်ငံစလုံးမှ အမေရိကန်စစ်သားများကို ပြန်လည်ရုပ်သိမ်းပေးရန်လည်း  တောင်းဆိုခဲ့သည်။

 

အောက်တိုဘာ ၇ ရက်‌နေ့တွင် အစ္စရေးတောင်ပိုင်း‌၌ ဟားမတ်စ်တို့က  စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဖြစ်ပွားခဲ့သော အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာချိန်တွင် ယင်းတိုက်ခိုက်မှုသည် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

စစ်ပွဲကာလအတောအတွင်း ဗြိတိန်အခြေစိုက် စစ်ပွဲဆန့်ကျင် စောင့်ကြည့်သည့်  ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကမူ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် SDF တိုက်ခိုက်ရေးသမား အနည်းဆုံး ခုနစ်ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ အချို့မှာမူ စိုးရိမ်ရသည့် အခြေအနေတွင် ရှိ‌နေသည်ဟု  ပြောသည်။

 

ဆီးရီးယားနှင့် အီရတ်ရှိ အီရန်နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွပစ်မှတ်များကို အမေရိကန်စစ်တပ်က ချေမှုန်းတိုက်ခိုက်ပြီးနောက် နှစ်ရက်အကြာ တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ SDF ကမူ တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

 

ယီမင်ရှိ ဟူသီသူပုန်ထိန်းချုပ်ရာ ဒေသရှိ ပင်လယ်နီအတွင်းသွားလာသည့် သင်္ဘောများကို  ပစ်ခတ်ရန်ကြိုတင် ပြင်ဆင်ထားသည့် သင်္ဘောဖျက် ဒုံးကျည်လေးစင်းကို တနင်္ဂနွေနေ့တွင် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

 

ယနေ့ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်တွင် ထိုသို့တိုက်ခိုက်ခြင်းသည် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာဖြစ်သည်ဟု  အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့ပြီး အဆိုပါ ဒုံးကျည်များသည် မကြာမီတွင် ဒေသတွင်းရှိ အမေရိကန်ရေတပ်သင်္ဘောများနှင့် ကုန်သည်သင်္ဘောများကို ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း  ဆုံးဖြတ်ပြီးနောက်တွင် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

 

ပင်လယ်နီရှိ သင်္ဘောများကို တိုက်ခိုက်လာနိုင်သည့် အီရန်ကျောထောက်နောက်ခံပြုအဖွဲ့၏ လုပ်နိုင်စွမ်းကို လျှော့ချရန် ရည်ရွယ်၍ အမေရိကန်နှင့် ဗြိတိန်တို့က ဟူသီသူပုန်များကို ဒုတိယအကြိမ် တိုက်ခိုက်မှု ပြုလုပ်အပြီး နောက်တစ်ရက်တွင် တနင်္ဂနွေနေ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်နှင့် ဗြိတိန်တို့ကမူ ဟူသီသူပုန်တို့၏ ပစ်မှတ် ၃၆ ခုကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုထားသည်။

 

ဓာတ်ပုံ – AP

 

ပုံစာညွှန်း – စနေနေ့တွင် ယီမင်ရှိ ဟူသီသူပုန်ပစ်မှတ်များကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အမေရိကန် တိုက်လေယာဉ်များ ဆိုက်ပရပ်ရှိ တပ်စခန်းသို့ ပြန်လည်ရောက်ရှိလာပုံ

 

ကိုးကား – Association Press (AP)