ဆီဆိုင် ရွှေဟင်္သာဘုရားကုန်းကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ရဟန်းတစ်ပါးနှင့် ကပ္ပိယတစ်ဦးထိခိုက်ဒဏ်ရာရ

Published on Mar 18, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့ အနောက်မြောက်ဘက်ရှိ ရွှေဟင်္သာဘုရားကုန်းကို စစ်ကောင်စီက မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင်  ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ရဟန်းတစ်ပါးနှင့် ကပ္ပိယတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း PNLA သတင်းတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

ရွှေဟင်္သာဘုရားကုန်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်စွဲထားခြင်းမရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု  PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံမှ CJ Platformသို့ ပြောသည်။ ဒဏ်ရာရရှိသူများကို ယင်းဒေသခံများက တောင်ကြီးဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

 

ထို့ပြင် အခြားပအိုးဝ်ဒေသတစ်ခုဖြစ်သော ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် မတ် ၁၆ ရက် မွန်းလွဲ  ၂ နာရီခန့်က ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု (PNLA ထံမှ သိရသည်။

 

စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဒေသခံများထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ကျေးရွာအတွင်းရှိ နေအိမ် လေးအိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု PNLA ပြောခွင့်ရသူ ခွန်ရိန်းယံက ဆက်လက်ပြောကြားသည်။

 

“နေအိမ်တွေတော့ ထိခိုက်ကုန်တာပေါ့။ လူထုတော့ထိခိုက်မှုမရှိပါဘူး။ ဘာလို့ ထိခိုက်မှုမရှိလဲဆိုရင် MI 35 ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ကတည်းက ကြောက်လန့်ပြီး တိမ်းရှောင်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ပအိုဝ်းဒေသများကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး မတ် ၁၅ ရက်က ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာကို ပေါင် ၅၀၀ဗုံးများ၊၊ မီးလောင်ဗုံးများဖြင့် တစ်ရက်အတွင်း ခြောက်ကြိမ်တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်နှစ်လုံး ပျက်စီးခဲ့ရသည်။