ဆီဆိုင်မြို့ကို ဝင်ရောက်ထိန်းချုပ်ကာ ပအိုဝ်းအမျိုးသားအလံတော်ကို စတင်လွှင့်ထူဟု PNLA ထုတ်ပြန် ယနေ့တွင်လည်းမြို့ကို စစ်တပ်ကလေကြောင်းမှ ဗုံးကြဲနေဟု ကယ်ဆယ်ရေးသမားများဆို

Author ကောန်ဆာန်ရွတ်၊ အဂ္ဂ
Categories
Published on Jan 28, 2024

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်ကာ ပအိုဝ်းအမျိုးသား အလံတော်ကို စတင်လွှင့်ထူခဲ့သည်ဟု ယနေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

PNLA သည် လုံခြုံမှုအားနည်းနေသည့် ပအိုဝ်းဒေသအတွင်း လုံခြုံ‌ရေးဆိုင်ရာ ကိစ္စများဆောင်ရွက်မည်ဟု ဇန်နဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း  စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ အသွင်ပြောင်းထားသည့် ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် PNLA ၏ ဇန်နဝါရီ (၂၆) ရက်နေ့ ထုတ်ပြန်ချက်တွင် “ စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွင် (၈) နှစ်တိုင်တိုင် မျှော်လင့်ချက်ကြီးစွာဖြင့် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ ရရှိခဲ့ခြင်း မရှိခဲ့ပါ” ဟု ဆိုထားပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဟု ဆက်လက်ဖော်ပြကာ ယခုကဲ့သို့ ပအိုဝ်းဒေသအတွင်းရှိ ဆီဆိုင်မြို့ကို ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်လိုက်ခြင်းလည်း ဖြစ်သည်။

PNLA နှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်များကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်မှစ၍ စစ်ကောင်စီသည် လေကြောင်းမှ ပေါင် (၅၀၀) ဗုံး အပါအဝင် ဗုံးအလုံးပေါင်း ရာနှင့်ချီ ကြဲချခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိလည်း ဆီဆိုင်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကာ တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု စစ်ရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက CJ Platform သို့ပြောသည်။

“မြို့တွင်းက ပစ္စည်းတွေကို မနက်အစောပိုင်းမှာ သယ်လို့ရတယ်ဆိုလို့ သွားသယ်တာ၊ ကျွန်တော်တို့ သွားတုန်းက မနက်အစောပိုင်းမှာ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ဖြစ်နေတာ၊ ဟိုဘက် ဒီဘက် သေနတ်သံတွေလည်း ကြားရတယ်၊ အခုကျတော့ ဒီအချိန်ကျတော့ (နံနက် ၁၁ နာရီဝန်းကျင်) တိုက်ပွဲဖြစ်တာမဟုတ်တော့ဘူး၊ လေယာဉ်တွေ ဝဲပြီး အဆက်မပြတ် ဗုံးကြဲတယ်၊ ပစ္စည်းသွားသယ်တဲ့ ကားနှစ်စီးနားတောင် ဗုံးကျလို့ ကပ်သီလေးလွတ်လာတာ” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

လေကြောင်းမှ ဗုံးကြဲမှုသည် ပစ္စည်းတင်လာသည့်ကားများ၊ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ကြဲချခြင်းဖြစ်ပြီး ပစ္စည်းသယ်နေသည့် ဘေးအိမ်နှင့် ကျောင်းရှေ့ရှိ အိမ်နှစ်လုံးမှာ လုံးဝ ပျက်စီးသွားခဲ့ပြီဟုလည်း သိရသည်။

ဆီဆိုင်မြို့တွင်း ပိတ်မိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်ပေးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် လက်ရှိတွင် မြို့တွင်းပိတ်မိသူများ သိပ်မရှိတော့ဘဲ အသက်ကြီး၍ သွားလာရခက်ခဲသူများ၊ အိမ်ကိုစိတ်မချ၍ နေခဲ့သူများလောက်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။ ထိုသို့ လူမရှိတော့သဖြင့် သူခိုးရန်ကို ကြောက်ရသည့်အတွက် ပစ္စည်းများ သွားရောက်သယ်ထုတ်စဉ် ဘေးအိမ်ကို လက်နက်ကြီး ကျသဖြင့် မြို့တွင်းမှ အရေးပေါ်  ပြန်ထွက်လာခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

PNLA သည် ဇန်နဝါရီ (၂၆) ရက်နေ့တွင် စစ်ကောင်စီ၏ အမှတ် (၄၂၄) ခြေလျင်တပ်ရင်း (ခလရ ၄၂၄) ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် ဆီဆိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်သော်လည်း ကယ်ဆယ်ရေး သမားများကမူ “ဆီဆိုင်က PNLA သိမ်းလိုက်ပြီဆိုပေမယ့်လည်း ခုထိတိုက်ပွဲဖြစ်နေတုန်း” ဟု ဆိုသည်။

သထုံႏပေႏ(ဆီဆိုင်) မြို့သည် ပအိုဝ်းစော်ဘွားများ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွားခွန်ကြည် နောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြို့ဖြစ်သည်။ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ၏ လေကြောင်းနှင့် လက်နက်ကြီးများကြောင့် ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာ ကောင်ႏမူႏဗွာရွာ ဘုန်းတော်ကြီးကျောင်း၊ သထုံႏပေႏ(ဆီဆိုင်)မြိုလယ် အရိယာမဂ္ဂင်ဓမ္မာရုံ ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦအချို့နှင့် ဒေသခံပြည်သူလူထု၏ နေအိမ် အများအပြား ပျက်စီးခဲ့ရသည်ဟု PNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် “မိမိတို့အနေဖြင့် ပအိုဝ်းအမျိုးသားအချင်းချင်း တိုက်ခိုက်မည် မဟုတ်ပါ။ ထို့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသား လွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံး ကူးပြောင်းရပ်တည်ကြရန်လည်း ထပ်မံပြီး အတူးတိုက်တွန်းပါသည်”ဟု PNLA က ဆိုထားသည်။

 

PNLA ၏ တကျော့ပြန် လက်နက်ကိုင်စွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီထိန်းချုပ်ထားသည့် ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) ရက်စွဲတပ်ထားသည့်  သဘောထား ထုတ်ပြန်ချက် ငါးချက်ကို ဖော်ပြထားပြီး အဆိုပါအချက်များထဲတွင် “ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊ လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းသည်သာလျှင် လမ်းကြောင်းမှန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်” ဆိုသည့်အချက်ကိုပါ ထည့်သွင်းထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ- PNLA News & Information Department