ဆီဆိုင်နှင့် ဟိုပုန်းတို့တွင် စစ်ကောင်စီနှင့် PNLA တို့ တိုက်ပွဲပြင်းထန်၊ အိမ် ၄၀ ခန့် မီးလောင်ပျက်စီး

Published on Mar 11, 2024

ရှမ်းပြည်(တောင်ပိုင်း)ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်နှင့် ဟိုပုန်းမြို့နယ်တို့တွင်  စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်နေကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် PNLA တို့ ယမန်နေ့ မတ်လ ၁၀ ရက်နေ့က ထိပ်တိုက်တွေ့ဆုံရာမှ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီသည် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်မှု ၁၀၈ ကြိမ်အထိ ပြုလုပ်ခဲ့သည့်အပြင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီတိုက်ခိုက်မှုတွေကြောင့် အိမ် ၁၆ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ရတယ်။ နှစ်ဘက်အထိအခိုက်နဲ့ ဒေသခံတွေထိခိုက်မှုကိုတော့ အတည်ပြုဖို့ ဆက်လက်စုံစမ်းနေပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ကလည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စအွန်တောင်ကြောတွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိုပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ၁၂၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ယမန်နေ့ကပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PNLA တပ်စွဲထားခြင်းမရှိသည့် မဲနယ်တောင်ဒေသ ပင်လျမ်းရွာကို စစ်ကောင်စီက ဒုတိယအကြိမ် မီးလောင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် အိမ်ခြေ ၂၀ ထက်မနည်း ပျက်စီးခဲ့ရကြောင်း ခွန်ရိန်းယံက ပြောသည်။

 

“မနေ့က ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တာပေါ့နော်။ ဖြစ်တာက ကျောက်အွမ်ဘက်မှာ။ ပင်လျမ်းရွာနဲ့ ဘာမှမဆိုင်ဘဲ မီးလောင်ဗုံးတွေနဲ့ လက်နက်ကြီးတွေနဲ့ပစ်တာ။ အိမ်ကတော့ ၂၀ ထက်မနည်းပဲပျက်စီးတယ်။ လူအထိအခိုက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်လက်စုံစမ်းဆဲပါပဲ” ဟု ၎င်းက ပြောသည်။

 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ပင်လျမ်းကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းကို မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မီးလောင်ပျက်စီးခဲ့ရသည်။