ဆီဆိုင်က ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီကြဲသည့် ပေါင် ၅၀၀ ဗုံးများကျ၊ ကျောင်းအပါအဝင် ကိုရင်နှစ်ပါး ထိခိုက်

Author Gold 
Categories
Published on Mar 15, 2024

စစ်ကောင်စီ ကြဲချလိုက်သော ပေါင် ၅၀၀ ဗုံးနှစ်လုံးဒဏ်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းပျက်စီးကာ ကိုရင်နှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ထံမှ သိရသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် မကြာခဏ ဗုံး‌ကြဲတိုက်ခိုက်လေ့ရှိရာ ယနေ့ မတ် ၁၅ ရက် မွန်းလွဲပိုင်းက ဂျက်ဖိုက်တာအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ပင်မကျောင်းဆောင်အပါအဝင် ကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့သည်။ ဘုန်းတော်ကြီးကျောင်းနှင့်နီးကပ်သည့် နေအိမ်များလည်း ပြတင်းပေါက်များ၊ တံခါးများ ထိခိုက်ပျက်စီးခဲ့သည်ဟု PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ ပြောသည်။

“ ကျောင်းထဲမှာ ဘာမှ မရှိဘူး။ ပအိုဝ်းတိုင်းရင်းသားတွေက အများစု ဗုဒ္ဓဘာသာတွေလေ။  အဲဒီလိုတိုင်းရင်းသားတွေ အလေးအမြတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေကို အဓိကထားတိုက်ခိုက်နေသလိုဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီသည် ပအိုဝ်းဒေသကို နေ့စဉ်နှင့်အမျှ ပစ်ခတ်ဖျက်ဆီးနေပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများအကြား သွေးခွဲလိုသည့်ပုံစံမျိုးဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟုလည်း အထက်ပါတာဝန်ရှိသူက မှတ်ချက်ပေးပြောဆိုသည်။

 

မတ် ၁၃ ရက်ကလည်း ထမ်းယံကျေးရွာရှိ ဘုရားပင့်ဆောင်သည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါတာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

 

“ စစ်ကောင်စီသဘောက မင်းတို့ငါတို့ကိုတော်လှန်ရင် ဒီလိုဖြစ်မယ်။ မင်းတို့အလေးအနက်ထားတဲ့ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါပေမဲ့ ပအိုဝ်းတစ်ခုတည်းဖြစ်နေတာမဟုတ်ဘူး။ ရခိုင်မှာဆို မြောက်ဦးမြို့တော်ကို ဗုံးကြဲတိုက်ခိုက်တာမျိုးပေါ့။ တိုင်းရင်းသားတွေအလေးအနက်ထားရာတွေကို ဖျက်ဆီးနေတာဖြစ်လို့ ဒီစစ်ကောင်စီပြုတ်ကျမှ ဒီဒုက္ခဆင်းရဲကနေကင်းလွတ်နိုင်မှာဖြစ်တယ်” ဟု  ခွန်ရိန်းယံက ပြောသည်။

 

စစ်ကောင်စီတပ်သည် မတ် ၁၃ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ အိမ်ခြေတစ်ရာနီးပါးရှိသည့် နမ့်ဟူးကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်။

 

ဓာတ်ပုံ- PNLA

 

ပုံစာ – ထမ်းယံကျေးရွာရှိ ဖျက်ဆီးခံရသော ဘုန်းကြီးကျောင်း