ဆိုင်ကယ်လုယက်သူအား ဆိုင်ကယ်ပိုင်ရှင်က ဝက်အူလှည့်ဖြင့် ပြန်ခုခံရာ လုယက်သူ၌ ထိုးသွင်းဒဏ်ရာများ ရရှိကာ ထွက်ပြေးသွား

Author မေ
Categories
Published on Oct 26, 2022

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၌ ဆိုင်ကယ်လုယက်သူအား ဆိုင်ကယ်ပိုင်ရှင်က ဝက်အူလှည့်ဖြင့် ပြန်ခုခံရာ လုယက်သူ၌ ထိုးသွင်းဒဏ်ရာများ ရရှိကာ ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၅ရက်က မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းရှိ ဇေကမ္ဘာလမ်း၊ ဂေါက်ကွင်းအနီး၌ ဆိုင်ကယ်တစ်စီးအား အမျိုးသားတစ်ဦးက ဓါးဖြင့် ခြိမ်းခြောက်၍ လုယက်ခဲ့ကြောင်း သိရသည်။ ထိုသို့ လုယက်စဉ် ဆိုင်ကယ်ပိုင်ရှင်မှ ၎င်းတွင်ပါလာသော ဝက်အူလှည့်ဖြင့် ပြန်လည်ခုခံခဲ့ရာ လုယက်သူ၌ ထိုးသွင်းဒဏ်ရာ ၃ချက်ခန့် ရရှိပြီး ထွက်ပြေးသွားကြောင်း သိရသည်။

” ဓါးနဲ့ ခြိမ်းခြောက်ပြီး ဆိုင်ကယ်လုတာကို ဆိုင်ကယ်ပိုင်ရှင်က ဝက်အူလှည့်နဲ့ ထိုးပြီး ပြန်ခုခံတာ။ လုယက်သူမှာ ထိုးသွင်းဒဏ်ရာ ၃ချက်လောက်ရပြီး ထွက်ပြေးသွားတယ်”ဟု သွားရောက်ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

ဆိုင်ကယ်ပိုင်ရှင်၌ ဓါးဒဏ်ရာ တစ်ချက်သာရရှိခဲ့ပြီး ဆိုင်ကယ်လည်း လုယက်မခံခဲ့ရကြောင်း သိရသည်။ ဓါးဒဏ်ရာ တစ်ချက်ရရှိခဲ့သည့် ဆိုင်ကယ်ပိုင်ရှင်မှာ မေဓါဝီဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိသည်။

ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းယုဇနဥယျာဉ်မြို့တော်တို့၌ ဆိုင်ကယ်စီး၍ လုယက်မှု များစွာဖြစ်ပေါ်နေကာ ဖြစ်စဉ်အများစု၌ လုယက်သူများအား ဖမ်းဆီးရမိခြင်း မရှိပေ။ ထို့ကြောင့် အချို့ လု ယက်ခံရမှုဖြစ်စဉ်များ၌ လုယက်သူအား လုယက် ခံရသူက ပြန်လည်ခုခံရမှု၊ အနီးနားရှိသူများက ဝိုင်းဝန်းကာ ဖမ်းဆီးပေးရမှုများ ရှိနေကြောင်းလည်း သိရသည်။