ဆိုင်ကယ်များ ဖမ်းဆီးငွေတောင်းရာတွင် အငြိမ်းစားစစ်မှုထမ်းဟောင်းများပါ ဖမ်းဆီးခံရ၍ တိုင်ကြားမှုများရှိနေ

Author အောင်နိူင်သူ
Categories
Published on Oct 10, 2022

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်များဖမ်းဆီးရာ၌ စစ်မှုထမ်းဟောင်းများပါ ဖမ်းဆီးပြီးငွေတောင်းနေ၍ တိုင်ကြားမှုများရှိနေသည်ဟု ဖမ်းဆီးခံရသူတွေဆီက သိရသည်။

မြို့နယ်အချို့တွင် ပစ်ခတ်မှုများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့်များ ပိတ်ပင်ခဲ့ပြီး ဆိုင်ကယ်စီးနင်းသည်ကို တွေ့ရှိပါက ဖမ်းဆီးငွေတောင်းရာ စစ်မှုထမ်းဟောင်းနှင့် စစ်ကောင်စီတပ်သားများပါ ပါဝင်နေ၍ အချင်းချင်းတိုင်ကြားမှုများရှိနေသည်ဟု အငြိမ်းစား စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platformကို ပြောသည်။

“တပ်ကလူပါဆို မရဘူးဖမ်းတယ် ဒဏ်ငွေဆောင်းခိုင်းတယ် မဆောင်ရင် ဖမ်းတယ် ဒဏ်ငွေက တစ်သိန်း ပေးရတယ်”ဟု စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platformကိုပြောသည်။

သန်လျင် ၊တွံတေး၊ ကျောက်တန်း ၊ခရမ်း ၊ဒလ၊ ကွမ်းခြံကုန်း၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပ အစရှိသည့် မြို့နယ်များတွင် ဆိုင်ကယ်မစီးရနယ်မြေများ သတ်မှတ်ထားပြီး စစ်ကောင်စီက ဖမ်းဆီးငွေကြေးတောင်းခြင်းဖြင့် အဆင်ပြေနေ၍ ရသည့်သူမှန်သမျှ အကုန်ဖမ်းသည်ဟု သန်လျင်မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကျနော်အဖေက သန်လျင်ရေတပ်ကလို့ ပြောတယ် မရဘူး နှစ်သောင်းခွဲပေးမှ ပြန်လွှတ်တယ် အောင်ချမ်းသာဘက်မှာ ဖမ်းတာ အချို့ဆို တိုင်ထားတယ်”ဟု ရှင်းပြသည်။

စစ်ကောင်စီတပ်များမှာ ဖမ်းဆီးလိုက်သည့် ဆိုင်ကယ်များတွင် တန်ဘိုးမြင့်သော ဆိုင်ကယ်များပါပါက ပြန်လည်ပေးအပ်ခြင်းမပြုဘဲ ရောင်းချဖြစ်သည်ဟု ရွှေပြည်သာမြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကျနော်တုန်းက ၁၄ လမ်းဆုံမှာ ဖမ်းတာ ငါးသောင်းပေးတာတောင် ပြန်မပေးဘူး ယိုးဒယားဘီး အသစ်ဆိုတော့ပြန်ရောင်းစားတာ”ဟု ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ် ၃ လမ်းဆုံ၊ ခရေပင်လမ်းခွဲ ပတ္တမြားမှတ်တိုင်တွင် ဆိုင်ကယ်ကို ဖမ်းဆီး၍ တစ်စီးလျှင် သုံးသောင်းမှ ငါးသောင်းအထိ တောင်းယူနေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“စစ်တပ်က သူတိူ့အဖွဲ့ပဲဆို လုပ်စားတယ် အခြေအနေကြည့်ပြီး ပိုက်ဆံပေးလိုက်ရတယ် စုပေါင်းစစ်ဆေးတာဆိုမရဘူး ပါပြီ”ဟု ပြောသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်က ပဲခူးတွင် လေလံစနစ်ဖြင့် ပြန်လည်ရောင်းချသည်ဟု ကယ်ရီသမားအချို့ဆီက သိရသည်။