ဆိုင်ကယ်စီးလာသူ သုံးဦးအား ဆိုင်ကယ်နှစ်စီးဖြင့် လူတစ်စုက လုယက်ရာ မရသဖြင့် ကားနှစ်စီးဖြင့် ပြန်လာကာ ထပ်မံ လုယက်သွား

Author မေ
Categories
Published on Dec 20, 2022

မန္တလေးမြို့၌ ဆိုင်ကယ်စီးလာသူ သုံးဦးအား ဆိုင်ကယ်နှစ်စီးဖြင့် လူတစ်စုက လုယက်ရာ မရသဖြင့် ကားနှစ်စီးဖြင့် ပြန်လာကာ ထပ်မံ လုယက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ရက် ညပိုင်းအချိန်က မန္တလေးမြို့၌ ဆိုင်ကယ်တစ်စီးဖြင့် အိမ်ပြန်လာသော လူငယ်သုံးဦးအား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၌ ဆိုင်ကယ်နှစ်စီးဖြင့် လူတစ်စုက လိုက်လံလုယက်ရာ လူငယ်သုံးဦးက ပြန်ခုခံသဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ထို့နောက် လူငယ်သုံးဦးစီးလာသော ဆိုင်ကယ်မှာလည်း ဆီပြတ်သွားသဖြင့် ဆိုင်ကယ်အား တွန်း၍ လမ်းလျှောက်ပြန်လာစဉ်၌ ၅၈လမ်း ၊ ၁၀၇လမ်းနှင့် ၁၀၈လမ်းအရောက်၌ ကားနှစ်စီးပေါ်မှ လူများဆင်းလာကာ တုတ်၊ဓါးများဖြင့် ခြိမ်းခြောက် တိုက်ခိုက်ခဲ့ပြီးနောက် ငွေသားနှင့် ဖုန်းတို့အား ယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

” ဆိုင်ကယ်နဲ့ လိုက်လုတာကို ခုခံလိုက်တော့ ထွက်ပြေးသွားကြတာ။ လူငယ်တွေကလည်း ဆိုင်ကယ်ဆီပြတ်သွားလို့ တွန်းလာရင်း အဲ့ဒီကုန်းတက်နားလည်း ရောက်ရော ကားနှစ်စီးနဲ့ အခုန လုတဲ့လူတွေရော၊ အပေါင်းအပါတွေပါ ရောက်လာပြီး ဒူးထောက်ထိုင်ခိုင်းတယ်။ ပြီးတော့ တုတ်၊ဓါးတွေနဲ့ ထိုးခုတ်ပြီးတော့ ငွေနဲ့ ဖုန်းကို ယူသွားတာပါ”ဟု မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့မှ ကူညီပေးခဲ့သူ တစ်ဦးကပြောသည်။

လုယက်ခံရသူ သုံးဦးတွင် ဓါးဒဏ်ရာများ၊ ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ နိုင်ငံတဝန်း၌ ခိုးဆိုးလုယက်သတ်ဖြတ်မှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိနေသည်။ ပြစ်မှုကျူးလွန်သူများအား စစ်ကောင်စီမှ ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက်လည်း လုယက်သူများက ညပိုင်းအချိန်များတွင်သာမက နေ့လည်ပိုင်းအချိန်များ၊ လူစည်ကားသည့်နေရာများ၊ လူမြင်ကွင်းများ၌ပင် လုယက်သတ်ဖြတ်မှုများကို ရဲတင်းစွာ ကျုးလွန်လျက် ရှိနေသည်။
ဓာတ်ပုံ- မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေး #လုယက်မှု