ဆိုင်ကယ်စီးလာသူ နှစ်ဦးအား အမည်မသိသူမှ ဓါးဖြင့် ခုတ်၍ ထွက်ပြေးသွား

Author မေ
Categories
Published on Nov 24, 2022

မန္တလေးတိုင်း၊ အမရပူရမြို့၌ ဆိုင်ကယ်စီးလာသူ နှစ်ဦးအား အမည်မသိသူမှ ဓါးဖြင့် ခုတ်၍ ထွက်ပြေးသွားရာ ဆိုင်ကယ်စီးလာသူ နှစ်ဦးအနက် တစ်ဦးမှာ လည်ပင်း၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ရက် ည ၇နာရီအချိန်က အမရပူရမြို့၊ စစ်ကိုင်း-မန္တလေးလမ်း၊ ဆောင်းဒါးယက္ကန်းကျောင်းအနီး၌ ဆိုင်ကယ်စီးလာသော အသက် ၄၀ အရွယ် အမျိုးသားနှစ်ဦးအား အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသူက ဓါးဖြင့်ခုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဓါးခုတ်ခံရမှုကြောင့် ဆိုင်ကယ်မှာလဲကျသွားကာ ဆိုင်ကယ်အနောက်မှ လိုက်ပါလာသူတွင် ပါးနှင့်လည်ပင်းတို့၌ ပြင်းထန်သည့် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ အပြင်က ပြန်လာတာကို အသားလွတ်ကြီး ဓါးနဲ့ခုတ်သွားတာ။ ဆိုင်ကယ်အနောက်က လူက ပါးနဲ့လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာရသွားပါတယ်။ ဆိုင်ကယ်မောင်းလာတဲ့ လူကတော့ ဆိုင်ကယ်မှောက်ပြီး ပွန်းပဲ့ဒဏ်ရာတွေ ရရှိသွားပါတယ်”ဟု သီရိဆင်ကာ ပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဓါးဖြင့် ခုတ်ခံရသူမှာ မန္တလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခဲ့သော မန္တလေးမြို့အပါအဝင် အနီးတစ်ဝိုက် မြို့များ၌ ဓါးဖြင့်တိုက်ခိုက်၍ ဆိုင်ကယ်လုယက်မှုများ၊ ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေးတိုင်း #အမရပူရ #ဓားခုတ်မှု