ဆားလင်းကြီးမြောက်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ(၁၀)ရွာ ပြည်သူ ငါးထောင်ကျော်ဘေးလွတ်ရာ တိမ်းရှောင်နေရ

Author လင်းနွေဦး
Categories
Published on Jan 17, 2024

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ ယမန်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ (၁၀)ကျော် မှ ပြည်သူ ငါးထောင်ကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်၏ ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီ တပ်သား အင်အား (၁၂၀) ခန့် ပါဝင်သော စစ်ကြောင်းမှာ ဒီဇင်ဘာ(၁၆) ရက်နေ့ ညနေပိုင်းတွင် ချင်းတွင်းမြစ်အနောက်ပိုင်း မှ တဆင့် ဆားလင်းကြီးမြို့တွင်းသို့ ဝင်ရောက်ကာ တစ်ညတာ စခန်းချခဲ့ပြီးနောက် ယခုကဲ့သို့ ကျေးရွာများအတွင်း ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ယင်းတာဝန်ခံမှ ဆက်လက် ပြောကြားသည်။

 

“သူတို့တွေ ညအိပ်စခန်းချပြီး ခုက ဆားလင်းကြီးမြောက်ဘက်ကို ထပ်ပြီး စစ်ကြောင်းထိုးနေတာ၊ ဆားထုံးကျေးရွာ နဲ့အနီးတဝိုက်က ဆယ်ရွာကျော် လက်ရှိ ယာယီ စစ်ဘေးရှောင်နေရတယ်ဗျ ပြည်သူ အရေအတွက်ကတော့ အတိအကျကြီး မပြောနိုင်ဘူးဗျ ယာယီပုံစံဆိုတော့ စစ်သားတွေ မရှိတော့ရင် သူတို့တွေ ပြန်ကြမှာပေါ့နော်”ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

 

ဆားလင်းကြီးမြို့နယ် အနီးတဝိုက်သည် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားရာ နေရာဖြစ်ကြောင်း အဆိုပါ ပြန်ကြားရေးတာဝန်ခံပြောပြချက် အရ သိရှိရကာ လက်ရှိ အချိန်တွင် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ၏ စာရင်းကောက်ယူရရှိထားမှုအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၂၂) မြို့နယ်တွင် စစ်ရှောင် ပြည်သူ ဦးရေ ၆၀၀,၀၀၀ ကျော် အထိရှိနေကြောင်း သိရှိရသည်။