ဆားထုံးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF များတိုက်ခိုက်၊ အထိနာခဲ့သည့် စစ်တပ်မှ လေကြောင်းပစ်ကူ ရယူခဲ့

Author လင်းခိုင်
Categories
Published on Jan 18, 2023

 

ဆားထုံးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF များက တိုက်ခိုက်ခဲ့ပြီး၊ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူ ရယူခဲ့ကြောင်း Monywa Lightning PDF မှ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ Do Pauk က CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ နံနက် ၁၁ နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေ ဆားလင်းကြီးမြို့မှာ စစ်ကြောင်းထိုးတာ အင်အားက ၂၀၀ ၀န်းကျင်လောက်ရှိတယ်။ ကျွန်တော်တို့နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တဲ့ စစ်ကြောင်းကတော့ အင်အား ၅၀ ကနေ ၆၀ လောက်အထိရှိတယ်။ ဒီကောင်တွေ အတော်အထိနာသွားလို့ လေကြောင်းပစ်ကူတွေပါလာတယ်။ အဲ့ဒါကြောင့်မို့ အသေအပျောက်ကို အတိအကျ မသိခဲ့ရဘူး” ဟု Do Pauk က ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ MI35 ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူရယူကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ထိတွေ့တိုက်ပွဲက သုံးနာရီ၀န်းကျင်လောက်ကြာတယ်။ ကျွန်တော်တို့ဘက်ကနေပြီးတော့ လက်နက်ကြီး ၅လုံးနဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” ဟု Do Pauk က ပြောကြားသည်။

အထက်ပါစစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း(၇)-Lighting People Defence Force၊ Monywa The Boy(မုံရွာခရိုင်တပ်ရင်း၄) နှင့် ယင်းမာပင်ခရိုင်အတွင်းမှ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-Monywa Lightning PDF
(တိုက်ပွဲ ရုပ်သံမှတ်တမ်းအား CJ Platform ၏ Telegram Channel တွင်ကြည့်ရှု့နိုင်ပါသည်)
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဆားလင်းကြီး #ဆားထုံးမြို့ #PDF #လေကြောင်းတိုက်ခိုက်မှု