ဆရာတက္ကသိုလ်ကြယ်ပွင့်နှင့် ဇနီး သ-တ်ဖြ-တ်ခံရသည့် အမှုအတွက် နေအိမ်သို့ ပုံမှန် ရေသန့်ပို့သူ အပါအဝင် သုံးဦးကို ဖမ်းဆီးထား

Author မေ
Categories
Published on Nov 04, 2022

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသားစာပေဆုရ ရူပဗေဒအကျိုးပြု စာပေများ ရေးသားခဲ့သော ဆရာတက္ကသိုလ်ကြယ်ပွင့်နှင့် ၎င်း၏ဇနီးတို့ နေအိမ်အတွင်း သတ်ဖြတ်ခံခဲ့ရသော အမှုမှ ပြစ်မှုကျူးလွန်သူဟုဆိုသူ သုံးဦးအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

အမှုမှ ပြစ်မှုကျူးလွန်သွားသူဟု စွပ်စွဲခံရသူ အမျိုးသားသုံးဦးအနက် တစ်ဦးမှာ သေဆုံးသူ ဆရာကြီးနှင့် ဇနီးတို့ နေထိုင်ရာ နေအိမ်သို့ ရေသန့်ပုံမှန်ပို့နေကျ အမျိုးသားတစ်ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းတို့သုံးဦးမှာ တောင်ဒဂုံမြို့နယ်၌ နေထိုင်သူများ ဖြစ်ပြီး ပြစ်မှုကျူးလွန်ပြီးနောက် နေထိုင်ရာ ဇာတိဖြစ်သော ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၌ ရှောင်တိမ်းစဉ် ဖမ်းဆီးရမိကြောင်း သိရသည်။

“သုံးယောက်စလုံး မိပြီ။ ဒီထဲက တစ်ကောင်ကရေသန့် ပို့နေကျ အတွင်းသိ။ ဒီကောင်က ဦးဆောင်ပြီး နောက်နှစ်ယောက်နဲ့ ပေါင်းလုပ်တာ။ အသက်ကြီးတဲ့ ဆရာကြီးနဲ့ ဆရာမကြီး နှစ်ဦးထဲနေတာကို သိလို့ လုယက်တယ်လို့ သိရတယ်”ဟု ရဲနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ၌ ၎င်းတို့သုံးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ယခုအမှုမှာ အောက်တိုဘာ ၃၀ ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ မန္တလေးလမ်းရှိ နေအိမ်တစ်အိမ်မှ အနံ့ဆိုးများ ထွက်နေသဖြင့် လမ်းအတွင်း နေထိုင်သူများက သက်ဆိုင်ရာသို့ သတင်းပေးကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာမှ နေအိမ်အတွင်း ဓါးဒဏ်ရာတန်းလန်းဖြင့် သေဆုံးနေသော အငြိမ်းစားကျောင်းဆရာနှင့် ၎င်း၏ဇနီးတို့အား သေဆုံးလျက် တွေ့ရှိခဲ့သည်။ ထို့ပြင် အိမ်ရှိ ငွေနှင့် ပစ္စည်းအချို့အားလည်း ယူဆောင်သွားကြောင်း သိရသည်။

သေဆုံးခဲ့သူ ဆရာမှာ ရူပဗေဒအကျိုးပြု စာပေများရေးသားခဲ့ပြီး အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆုရ ၊ ရန်ကုန်ကတ္ကသိုလ် ရူပဗေဒဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာတက္ကသိုလ်ကြယ်ပွင့်နှင့် ၎င်း၏ဇနီး အငြိမ်းစားဆရာမတို့ ဖြစ်ကြောင်း သိရသည်။ ဆရာ တက္ကသိုလ်ကြယ်ပွင့် သေဆုံးခဲ့မှုနှင့် ပတ်သတ်၍ ရူပဗေဒပညာလောက အတွက် ကြီးမားသောဆုံးရှုံးမှု တစ်ခုဟုလည်း မှတ်ချက်ပြု ပြောကြားကြသည်။