ဆယ်စုနှစ် ၂ ခုနှစ်ကျော်က ပြဿနာအတွက် The Glory ဇာတ်လမ်းတွဲ၏ ဒါရိုက်တာတောင်းပန်ဟု သတင်းထွက်
လက်ရှိတွင် ကိုရီးယား ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သည့် ပရိသတ်များအကြား ရေပန်းစားနေသည့် The Glory ဇာတ်လမ်းတွဲ၏ ဒါရိုက်တာ Ahn Gil-ho က လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်က သူနှင့် ပတ်သက်ခဲ့သည့် ပြဿနာတစ်ခုအတွက် တောင်းပန်လိုက်ကြောင်း သတင်းများထွက်ပေါ်လာသည်။
ယင်းသို့ တောင်းပန်သည့် သတင်းကို တောင်ကိုရီးယား အနုပညာသတင်းများအား တင်ဆက်နေသည့် သတင်းဌာနတချို့က ရေးသားဖော်ပြနေကြခြင်းဖြစ်ပြီး အစောပိုင်းကတည်းက ထိုပြဿနာနှင့် ပတ်သက်ပြီး ဒါရိုက်တာ Ahn Gil-ho အနေဖြင့် စွပ်စွဲမှုများ ခံနေခဲ့ရခြင်းဖြစ်သည်။
Ahn Gil-ho သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်လောက်က ၎င်းဖိလစ်ပိုင်နိုင်ငံတွင် နေထိုင်စဉ် လူအချို့အား အနိုင်ကျင့်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
သတင်းဌာနများ၏ ဖော်ပြချက်တွင် Ahn Gil-ho အနေဖြင့် ၁၉၉၆ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျောင်းတက်နေစဉ် ၎င်း၏ ရည်းစားဟောင်းဖြစ်သူကို ကျောင်းသားတစ်စုက ကျီစယ်နောက်ပြောင် လှည့်စားခဲ့သည့် ဖြစ်ရပ်ကို မကျေနပ်၍ ပြန်လည်တုံ့ပြန်ရာမှ ထိုထဲက တစ်ဦးမှာ နာကျင်စေသည့်ဝေဒနာများ ခံစားခဲ့ရသည်ဟု ဖော်ပြကြသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ Ahn Gil-ho ၏ ရှေ့နေ့က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်ဟု ကိုရီးယား ဖျော်ဖြေရေး သတင်းဝက်ဆိုက် Soompi တွင်ဖော်ပြထားသည်။ လက်ရှိတွင် ယင်းပြဿနာအတွက် ထိခိုက်ဒဏ်ရာရသူများကို ဒါရိုက်တာ Ahn Gil Ho အနေဖြင့် ရင်တွင်းမှနေ၍ နက်နက်နဲနဲ တောင်းပန်လိုပြီး ခွင့်လွှတ်ပေးရန် အသိပေးထားသည်ဟု ဆိုသည်။
အခွင့်အရေး ရရှိမည်ဆိုလျှင် ၎င်းတို့ကို ဒါရိုက်တာ Ahn Gil Ho အနေဖြင့် လူချင်းတွေ့ဆုံပြီးဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တောင်းပန်လိုသည်ဟု ၎င်း၏ ရှေ့နေက ဆက်လက်ပြောကြားခဲ့သည်ဟု သတင်းဌာနများက ဖော်ပြထားသည်။
တောင်ကိုရီးယား နာမည်ကြီး မင်းသမီး ဆောင်းဟေကို ပါဝင်သရုပ်ဆောင်ထားသည့် The Glory ဇာတ်လမ်းတွဲသည် ကျောင်းတွင်း အကြမ်းဖက်ခံရမှုများနှင့် အနိုင်ကျင့်မှုများကို လက်စားပြန်ချေရန် ကြိုးပမ်းသည့် ကျောင်းသူတစ်ဦး၏ ဇာတ်လမ်းကို သရုပ်ဖော်ထားခြင်းဖြစ်သည်။
#CjPlatform #TheGlory #AhnGil-ho #နိုင်ငံတကာသတင်း