ဆန်ဖရန်စစ္စကိုတွင် လေယာဉ်ပျံတက်စဉ် ဘီးပြုတ်ကျ၍ အောက်က ကားများ ထိခိုက်ပျက်စီး

Author အဂ္ဂ
Categories
Published on Mar 08, 2024

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှ ဂျပန်နိုင်ငံသို့ ဦးတည်ပျံသန်းသည့် ယူနိုက်တက်လေကြောင်းလိုင်း (United Airlines)ပိုင် လေယာဉ်တစ်စင်းသည် ပြေးလမ်းပေါ်မှပျံတက်ပြီး မကြာမီ လေယာဉ်ဘီးတစ်လုံးပြုတ်ထွက်ကျသွားကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

 

ထိုဘီးသည် ကားရပ်နားရာနေရာသို့ကျရောက်ခဲ့သည့်အတွက် ကားများထိခိုက်ပျက်စီးခဲ့ပြီးနောက် လေယာဉ်လမ်းကြောင်း ပြောင်းလိုက်ရသည့်ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၇ ရက် ကြာသပတေးနေ့ နံနက်ပိုင်း(အမေရိကန် ဒေသစံတော်ချိန် ၁၁ နာရီ ၂၄ မိနစ်ဝန်းကျင်တွင်)ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ခရီးသည်(၂၄၉)ဦးကို သယ်ဆောင်ကာ ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ပျံသန်းမည့် ဘိုးရင်း (777-200)သည် ထိုသို့ လေယာဉ်ဘီးတစ်လုံးပြုတ်ထွက်မှုဖြစ်ပြီးနောက် လော့အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်လမ်းကြောင်းပြောင်းကာ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ မြေပြင်သို့ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။

 

လူမှုကွန်ရက်စာမျက်နှာ X(ယခင် Twitter)တွင် Radarbox က တင်ထားခဲ့သည့် ရုပ်သံဗီဒီယိုထဲတွင် လေယာဉ်ပျံတက်စဉ် လေယာဉ်ဘီးပြုတ်ထွက်သည့်အခိုက်နှင့် ပြုတ်ကျသည့် လေယာဉ်ဘီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကားများကိုမြင်တွေ့ရသည်။

 

( Radarbox သည် AirNav Systems ဆိုသည့် ကုမ္ပဏီက ပိုင်ဆိုင်သည့် ကမ္ဘာတစ်ဝှမ်းရှိ လေယာဉ်ပျံသန်းမှု ခရီးစဉ်များကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်သည့် မိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင်လည်း Page အဖြစ်သာမက Website အဖြစ်လည်းရှိသည်။)

 

“ 777-200 လေယာဉ်တွေရဲ့ ပင်မမြေပြင်ဆင်းသက်တဲ့ ဂီယာဒေါက်နှစ်ခုဟာဆိုရင် တစ်ဖက်စီမှာ လေယာဉ်ဘီးခြောက်လုံးစီပါပါတယ်။ လေယာဉ်တွေကိုလည်း ဘီးတွေ ပျောက်ဆုံးသွားတာ။ ဒါမှမဟုတ် ပျက်စီးသွားတာမျိုးဖြစ်ခဲ့ရင်တောင် အန္တရာယ်ကင်းကင်းနဲ့ မြေပြင်ကို ဆင်းသက်နိုင်ဖို့ ဒီဖိုင်းဆွဲထားတာ ဖြစ်ပါတယ်” ဟု United Airlines ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အိုဆာကာသွားမည့် ခရီးသည်များကိုလည်း အစားထိုးလေယာဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိခိုက်ပျက်စီးခဲ့ရသည့်ယာဉ်ပိုင်ရှင်များ၏ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း လုပ်ဆောင်နေပြီဖြစ်သည်ဟု လေကြောင်းလိုင်းကဆိုသည်။

 

ဓာတ်ပုံ – Radarbox

 

ကိုးကား – The Straits Times