ဆန်ဈေးလျှော့ရောင်းခိုင်းပြီးနောက် ဈေးကွက်အတွင်း ဆန်များရောနှောရောင်းချမှုများရှိနေ

Author ခေတ်နီ
Categories
Published on Sep 06, 2023

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ဈေးကွက်အတွင်းရှိ ဆန်များ ဈေးလျော့ရောင်းချရန် ထုတ်ပြန်ပြီးနောက်ပိုင်း ရောင်းချသည့်ဆန်များတွင် အမျိုးအစားမတူသည့် ဆန်များဖြင့် ရောနှောရောင်းချမှုများရှိနေကြောင်း စားသုံးသူများက ပြောကြားသည်။

လက်ရှိဈေးကွက်အတွင်းရောင်းချနေသည့် တစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲကျော်ဈေးရှိနေသည့် ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၂၅,၀၀၀ ဖြင့်လည်းကောင်း၊ ကျပ် ရှစ်သောင်းနှင့် ကိုးသောင်းကြားရှိနေသည့် ရက် ၉၀ ဆန်အမျိုးအစားများကို ကျပ် ၇၂၀ဝ၀ ထက်မပိုသည့်နှုန်းထားများဖြင့် ရောင်းချကြရန် ဆန်စပါးအသင်းချုပ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ပြီးနောက်ပိုင်း ဈေးကွက်အတွင်းရောက်ရှိလာသည့် ဆန်များကို ဝယ်ယူစားသုံးရာတွင် ဆန်ချောနှင့် ဆန်ကြမ်းများ ရောနှောမှုများရှိနေပြီး ချက်ပြုတ်စားသုံးရာတွင် ခက်ခဲမှုများရှိနေကြောင်း စားသုံးသူများထံမှ သိရသည်။

“အဓိကကတော့ချက်မကောင်းတာပေါ့။ ဆန်က တစ်ချို့က အစေ့အတိုင်းကျန်တုန်း၊ တချို့ဟာကပျော့နေပြီ။ အဲဒီလိုတွေဖြစ်တာပေါ့လေ။ ကောင်းတာလေးစားချင်လို့ ပိုက်ဆံပေးဝယ်တာလေ။ အဲဒီလိုတွေဖြစ်တော့ ဆိုင်ကိုပြောလည်း သူတို့လုပ်တာမဟုတ်ဘူးပြောတော့ဘာပြန်ပြောမလဲ” ဟု ရန်ကုန်မြို့နေ စားသုံးသူတစ်ဦးက ဆိုသည်။

ထိုသို့ဖြစ်ပေါ်နေမှုများအပေါ် သိရှိနိုင်ရန် ရန်ကုန်မြို့ရှိ ဆန်လက်ကားဖြန့်ဖြူးသည့် ဆန်ဆိုင်တချို့ထံ CJ Platform မှ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ပြန်လည်ဖြေဆိုသည်။

“ဆန်တွေက ဒိုင်မှတည်းကရောလာကြတာဆိုတော့ ကျမတို့လည်းပြောလို့မရဘူးဖြစ်နေတယ်။ စားတဲ့သူတွေကတော့ ဆန်မကောင်းဘူး။ ချက်ရတာ မကောင်းဘူးဆိုပြီးတော့ပြန်လာပြောကြတာရှိတယ်။ သူတို့သတ်မှတ်တဲ့ဈေးနဲ့ရောင်းရင်လည်း အဲဒီလိုအရောပဲရမှာ။ မရောတဲ့ဟာကို အဲဒီလိုသွားရောင်းရင် မမြတ်တဲ့အပြင်ရှုူံးနေပြီလေ” ဟု ရန်ကုန်မြို့အတွင်း ဆန်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ဆိုသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်းဆန်ဈေးမြင့်တက်လာမှုများကြောင့် တစ်နေ့ကျပ် ၄၈၀ဝ ဝန်းကျင်သာ လုပ်အားခရရှိသည့် အခြေခံလူတန်းများတွင် စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိနေပြီး ပရဟိတအဖွဲ့များနှင့် အလှူရှင်များ၏ စားသုံးကုန်ဈေးလျှော့ရောင်းချခြင်းများတွင် တန်းစီကာဝယ်ယူနေရသည့် အခြေအနေများဖြစ်ပေါ်လာနေသည်။