ဆန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်၊ ဆန်လုပ်ငန်းရှင်များအသင်းမှ ခွဲတမ်းအရ ရောင်းချသည့် သက်သာဆန်မှာ ဟန်ပြသာဖြစ်

Author မင်းထက်
Categories
Published on Aug 25, 2023

စစ်ကောင်စီမှ နှစ်သောင်းကျပ်တန် စတင်ထုတ်ဝေပြီးနောက် ဆန်စျေးနှုန်းများမှာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းမှ သက်သာဆန်ဟုဆိုကာ ဧည့်မထဆန်များ ရောင်းချပေးနေသော်လည်း ဟန်ပြသာ ဓာတ်ပုံရိုက်ရန် ရောင်းချခြင်းဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင်လအတွင်း စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမည်ဟု ကြော်ငြာသည့်နောက်ပိုင်းတွင် မြန်မာနိုင်ငံ တစ်၀န်းလုံး၌ ဆန် ၊ ဆီ ၊ ဆား အပါ၀င် အခြေခံစားသုံးကုန်စျေးနှုန်းများသည် ယနေ့ထိ မြင့်တက်လျက်ရှိနေဆဲဖြစ်သည်။

လက်ရှိ စျေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၆၀၀၀ အထိမြင့်တက်နေပြီး ၊ ရွှေဘိုဧရာ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ နှင့် နွေစပါး ( ရွှေဝါထွန်း ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဆန်ဆိုင်များထံမှ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်း ကျဆင်းစေရန်အတွက်ဟုဆိုကာ သက်သာစျေးနှုန်းများဖြင့် ဧည့်မထဆန်များအား ရောင်းချပေးနေသည်မှာလည်း ဟန်ပြသက်သက်သာဖြစ်နေကာ အခြေခံပြည်သူများ လိုအပ်ချက် ပြည့်မှီအောင် ရောင်းချပေးခြင်း မရှိကြောင်း သိရသည်။

“တစ်ပြည်ကို ၂၅၀၀နဲ့ ရောင်းတာ ၊ တစ်ယောက်ကို နှစ်ပြည်ပဲ ပိုမရောင်းပေးဘူး၊ ပြီးတော့ တစ်ယောက်ချင်းစီကို ဓာတ်ပုံရိုက်တယ်၊ ဘာလုပ်တာလဲဆိုတော့ ပြန်တင်ပြရမှာမို့တဲ့၊ ငတ်နေကြတော့လဲ ဝယ်ရတာပဲ တန်းစီပြီးတော့ မရလိုက်သူတွေ အများကြီး နည်းနည်းလည်းရောင်းပြီးရော ခွဲတမ်းကုန်ပြီဆိုပြီး လုပ်လိုက်တယ်”ဟု သာကေတမြို့နယ် ရန်အောင်လမ်းမကြီးရှိ ဆန်ဆိုင်တစ်ခုတွင် ဆန်ကုန်သည်များအသင်းများ ရောင်းချပေးနေသည့် သက်သာဆန်အား သွားရောက်ဝယ်ယူခဲ့သူ အမျိုးသမီးက ပြောသည်။

တောင်သူများ လက်ဝယ်တွင် လက်ကျန်စပါးများ မကျန်ရှိတော့သည့်အချိန်တွင် စပါးစျေးနှုန်းများလည်း ဆက်တိုက်မြင့်တက်လာနေကြောင်း သိရသည်။

“စပါးစျေး (ကျပ်) ၁၈ သိန်း၊ ၁၉ သိန်းအထိကို ရှိလာတယ် ၊အခုနွေစပါးအသစ်တစ်ပိုင်းက ၇၅၀၀၀ ကနေ ၈၀၀၀၀ ထိရှိတယ် ၊ ဧရာမင်းကတစ်အိတ်ကို ၁၂၅၀၀၀ ထိရှိတယ် ၊ စပါးစျေးကောင်းတော့ တောင်သူတွေက စားဖို့လောက်ပဲချန်ပြီး တအားရောင်းကြတဲ့အခါကြ တောင်သူမလုပ်တဲ့သူတွေကြ အခက်ခဲဖြစ်တယ် စျေးလဲတန် ၀ယ်ရတာလဲမလွယ်ဘူး ” ဟု ​CJ Platform သို့ ​ပြောကြားခဲ့ပါသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီမှ ရွာစဉ်လှည့်ကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း စပါးကျီများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းကြောင့် တောင်သူများအနေဖြင့် ရိတ်သိမ်းပြီးစပါးများအား သိုလှောင်ထားနိုင်စွမ်း မရှိသည့်အပေါ် ကုန်သည်များအနေဖြင့် အခွင့်အရေးတစ်ခုအဖြစ် ရယူကာ စျေးနှုန်းကစားခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းမှ ပြည်တွင်း ဆန်လက်ကျန်ဖူလှုံမှုရှိပြီး ဆန်ဈေးကျအောင် လုပ်ဆောင်သွားမယ်ဟု‌ ပြောကြားထားခဲ့သော်လည်း လက်တွေ့မြေပြင်တွင် ဆန်စျေးနှုန်းများမှာ ဆက်တိုက်မြင့်တက်လာနေခဲ့သည်။